ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ မကျီးဇင်နှင့် ဂျိုင်လယ်ကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် မကျီးဇင်နှင့် ဂျိုင်လယ်ကျေးရွာတို့ကိုဖေဖော်ဝါရီ ၁၁ရက် နံနက် ၁နာရီမှ နံနက် ၄နာရီအထိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဗုံးကြဲတာမှန်ပါတယ်။ တိုက်ပွဲကတော့အဲဒီ့ဘက်မရှိဘူး။ သာပေါင်းမြို့နယ်ထဲတော့တိုက်ပွဲရှိတယ်။ စစ်တပ်ဘက်က မနေ့ကတိုက်ပွဲအထိကို ၅၀လောက်သေနေပြီ။ ကိုယ့်ဘက်ကထိခိုက်တာတွေလည်း ရှိပါတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂျိုင်လယ်ရွာရှိ ဒေသခံများ ထွက်ပြေးနေရပြီး ထပ်မံဗုံးလာကြဲမည်ကို စိုးရိမ်နေကြောင်း သိရသည်။

“တိုက်ပွဲကမရှိဘဲ ဗုံးလာကြဲတာ။ အခုတစ်ရွာလုံးနီးပါး ပြေးနေရပါတယ်” ဟု ဂျိုင်လယ်ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်နော် ( AA) တို့ သာပေါင်းမြို့နယ်အစပ်ရှိ သဲဖြူ၊ သာပေါင်းလေး၊ သစ်ဝမ်းပူကျေးရွာတို့တွင်တိုက်ပွဲဖြစ်ပွားနေပြီး ဒဏ်ရာရနှင့် သေဆုံး စစ်ကောင်စီတပ်ဖွဲ့များကို ကြက်သွန်ကွင်းလမ်းဆုံနှင့် ပုသိမ်ဘက်သို့ နေ့စဉ်သယ်ပို့နေကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများဆက်လက်ရှိနေပြီး စစ်ကောင်စီသည်ပုသိမ်နှင့် ဟိုင်းကြီးကျွန်းတို့ဘက်သို့ စစ်ရေးရောက်လာမည်ကို စိုးရိမ်၍ စစ်ကြောင်းထိုးခြင်းနှင့် ကင်းလှည့်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဂွ- ငသိုင်းချောင်းဘက်တွင်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် နေ့စဥ်ပစ်ခတ်လျက်ရှိပြီး ရေနံ့သာဂိတ်တွင် ခံစစ်ပြင်ဆင်ထားကြောင်း သိရသည်။

#ဧရာဝတီတိုင်း #မကျီးဇင် #ဂျိုင်လယ် #စစ်ကောင်စီ #ဗုံးကြဲ #ဒေသခံများ #ထွက်ပြေး #Ayeyarwaddy_Times