ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်

ထိုင်းနိုင်ငံမှ လျှပ်စစ်မီး၊ လောင်စာဆီ နှင့် အင်တာနက်ဝန်ဆောင်မှုများ ဖြတ်တောက်ပြီးနောက် ရက်အနည်းငယ်အကြာတွင် ကန်ချနာဘူရီခရိုင် နှင့် ထိစပ်နေသည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ မှ တရုတ်‌ငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းများ စွန့်ခွာသွားကြောင်း သိရသည်။

ဘုရားသုံးဆူဒေသကို ထိန်းချုပ်ထားသည့် ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော်(DKBA) ကလည်း ကျားဖြန့်လုပ်ငန်းများ ယခုလ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထားထွက်ခွာရန် အမိန့်ထုတ်ပြန်ခဲ့ပြီး အဆိုပါတရုတ်ငွေလိမ်ဂိုဏ်းများမှာ ကီလို မီတာ ၁၀ ခန့်အကွာရှိ အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့သွားကြောင်းသိရသည်။

ဘုရားသုံးဆူရှိ ဈေးများအတွင်းတွင်လည်း တရုတ်လူမျိုးများ နှင့် စည်ကားမှုမရှိတော့ဘဲ တရုတ်စီးပွားရေးလုပ်ငန်းများသည် မြို့မှ စွန့်ခွာသွားကြပြီဖြစ်ကြောင်း မြို့ခံများက ပြောဆိုကြသည်။

ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စတင်ခဲ့သည့် ထိုင်းနိုင်ငံ၏ ဝန်ဆောင်မှု ဖြတ်တောက်မှုများကြောင့် ဘုရားသုံးဆူရှိ လူပေါင်း ၅၀,၀၀၀ ကျော်မှာ ထိခိုက်မှုများ ခံစားခဲ့ရ ကြောင်း သိရသည်။

ဘုရားသုံးဆူတွင် တရုတ်လူမျိုးများမှအဆောက်အဦများကို တစ်လလျှင် ဘတ် ၂၀၀,၀၀၀ မှ ၈၀၀,၀၀၀ အထိ ပေးဆောင်ကာ ငှားရမ်းမှုများ ပြုလုပ်ကြပြီး ၎င်းတို့ကို ရုံးခန်း နှင့် လူနေထိုင်ရန်နေရာများအဖြစ် ပြုပြင်ကာ ၂၄ နာရီ လုံခြုံရေးဝန်ထမ်းများဖြင့် ထားရှိကြောင်းလည်း သိရသည်။

ထို့ပြင် တရုတ်လူမျိုးများသည် ဘုရားသုံးဆူတွင် စားသောက်ဆိုင်များ၊ ဆံပင်ညှပ်ဆိုင်များနှင့် ဂိမ်းစင်တာများဖွင့်ကာ ၎င်းတို့၏ ငွေလိမ်လည်သည့် လုပ်ငန်းများကိုဖုံးကွယ်ရန် အဆောက်အဦများနှင့် ဆိုင်ခန်းများစွာကို ငှားရမ်းခဲ့ကြပြီး ယခုအခါ ဆိုင်ခန်းပေါင်း ၂၀၀ နီးပါးမှာ ပိတ်သိမ်းသွားပြီဖြစ်ကြောင်း သိရသည်။

ဘုရားသုံးဆူမြို့သည် ထိုင်းအာဏာပိုင်များက ပစ်မှတ်ထားသည့် ဖုန်းခေါ်စင်တာ လိမ်လည်မှု လုပ်ငန်းအခြေစိုက်ရာ မြို့သုံးမြို့အနက်မှ တစ်ခုဖြစ်ပြီး ၎င်းနှင့်အတူ မဲဆောက်မြို့ နှင့် ထိစပ် နေသည့်မြဝတီမြို့၊ မဲဆိုင်မြို့နှင့် ထိစပ်နေသည့် တာချီလိတ်မြို့တို့တွင်လည်း ထိုင်းမှ လျှပ်စစ်မီးနှင့် အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်ခြင်းများကို ပြုလုပ်ခဲ့သည်။

ကိုးကား – Bangkok Post
#ဘုရားသုံးဆူ #တရုတ်ငွေလိမ်ဂိုဏ်း #ကျားဖြန့်လုပ်ငန်း #Ayeyarwaddy_Times