ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပစ်ခတ်ဗုံးကြဲခဲ့သည့်အတွက် ဒေသခံနှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁၃ ရက် နေ့လည် ၁၂ နာရီခန့်တွင် ကျိန္တလီမြို့ အမှတ် ၁ ရပ်ကွက်နှင့် အမှတ် ၃ ရပ်ကွက်တို့ကို စစ်ကောင်စီက ဗုံးကြဲချတိုက်ခိုက်ရာ သားမိနှစ်ဦး နေရာတွင်ပင်သေဆုံးပြီး သုံးဦး‌ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။

“မနေ့က အမှတ် ၂ ရပ်ကွက်ကို ဗုံးနှစ်လုံးကြဲတယ်။ ဒီနေ့ ၁ ရပ်ကွက်နဲ့ ၃ ရပ်ကွက်ကိုလာကြဲတာ။ တိုက်ပွဲ လည်းမရှိဘူး”ဟု ဂွမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူနှစ်ဦးမှာ ဒေါ်လှအေးနှင့် သားဖြစ်သူမောင်ဖြူလေးတို့ဖြစ်ပြီး အမှတ် ၃ ရပ်ကွက်ရှိ ဦးတင်သိန်း၊ ကိုမြင့်နိုင်၊ ကိုလှတင်တို့သုံးဦး ဗုံးစထိမှန်ပြီး ဒဏ်ရာ ပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၄ နာရီအချိန်ခန့်ကလည်း ကျိန္တလီမြို့ အမှတ် ၂ ရပ်ကွက်သို့ စစ်ကောင်စီက ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံတစ်ဦး ဒဏ်ရာရရှိပြီး နေအိမ်အချို့ပျက်စီးသွားကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း ကျိန္တလီမြို့ကို ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး ကလေး ငယ်များအပါအဝင် ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျိန္တလီမြို့ကို AA က သိမ်းပိုက်ထားပြီး တိုက်ပွဲများမရှိသော်လည်း ဒေသခံပြည်သူများကို ပစ်မှတ်ထားကာ စစ်ကောင်စီက နေ့စဉ်ဆိုသလို လေ ကြောင်းတိုက်ခိုက်မှုပြုလုပ်နေကြောင်း သိရသည်။

ယမန်နေ့ ပြည်ထောင်စုနေ့နှင့် ယနေ့ ဗိုလ်ချုပ် မွေးနေ့တို့တွင် စစ်ကောင်စီက ရခိုင်၊ မွန်၊ကရင်နီနှင့် စစ်ကိုင်းတိုင်းနှင့်မန္တလေးတိုင်းတို့တွင် ဗုံးကြဲချတိုက်ခိုက်ခဲ့သည့် အတွက် လူဒါဇင်အထက် သေဆုံးခဲ့ကြောင်း သိရသည်။

ပုံစာ- ​ဖေ​ဖော်ဝါရီ ၁၂ရက်​နေ့က ကျိန္တလီမြို့အတွင်းဗုံးကြဲထားစဥ်

#ရခိုင် #ဂွ #ကျိန္တလီ #စစ်ကောင်စီ #ဗုံးကြဲ #Ayeyarwaddy_Times