
ဧရာဝတီတိုင်းမ်
ဖေဖေါ်ဝါရီ ၁၂ ရက်
ပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များကို တစ်လလျှင် နှစ်သောင်းကျပ် ထောက်ပံ့မည်ဟုဆိုကာ အချက်အလက်များကို ကောက်ယူရန် ပြင်ဆင်နေကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းသို့ ထောက်ပံ့ရာတွင် စစ်ကောင်စီထိန်းချုပ်ဧရိယာများအတွင်းရှိ စစ်ဘေးရှောင်များသာ ရရှိမည်ဖြစ်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ခြင်းဖြစ်ပြီး စစ်ခေါင်းဆောင်က ယမန်နေ့ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့တွင် တိုင်းနှင့်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ်များထံ ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်သည်။
“ အဓိကကတော့ သူတို့ထိန်းချုပ်ထားတဲ့ မြို့ပြတွေမှာရောက်နေတဲ့ စစ်ရှောင်တွေကို တစ်လနှစ်သောင်းပေးမယ်ဆိုပြီး အချက်အလက်တွေကို ရချင်တာလို့ နားလည်တယ်။ ဒီလိုကောက်ယူရရှိလာတဲ့ အချက်အလက်တွေကို စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲအတွက် အသုံးချဖို့လုပ်တာလို့ မြင်တယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးစောင့်ကြည့်လေ့လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်က စစ်ဘေးရှောင်များကို ထောက်ပံ့ပေးမည်ဟု ပြောဆိုပြီးမကြာခင် ယခုကဲ့သို့ လျှင်မြန်စွာ အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီမှစကာ ဒီဇင်ဘာအထိ ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
“ စစ်ရှောင်တွေကအများကြီးပါ။ မြို့ပေါ်ပြေးတဲ့သူထက် စစ်ကောင်စီကိုကြောက်လို့ လွတ်မြောက်နယ်မြေတွေ တော်လှန် ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နေရာတွေမှာ ရှောင်နေကြသူတွေကပိုများမယ်။ ထိန်းချုပ်နယ်မြေတွေက စစ်ဘေးရှောင်တွေကို ငွေအနည်းငယ်ပေးပြီး အသုံးချဖို့လုပ်နေတာ။ စစ်ကောင်စီဒေါက်တိုင်တွေက စာရင်းကောက်ပြီး အမြဲစောင့်ကြည့်နေမှာ လုံခြုံရေးအရလည်း ခြိမ်းခြောက်ခံရမှာ” ဟု လွတ်မြောက်နယ်မြေတွင် စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ဘေးရှောင် ဒုက္ခသည် အရေအတွက် စုစုပေါင်း ၆ ဒဿမ ၆ သန်းအထိ ရှိလာပြီဖြစ်ကြောင်း မြန်မာမဟာဗျူဟာနှင့်မူဝါဒရေးရာလေ့လာရေးအဖွဲ့ က ထုတ်ပြန်ထားပြီး စုစုပေါင်း၏ ၄၂ ရာခိုင်နှုန်းသည် စစ်ကိုင်းတိုင်းမှဖြစ်ပြီး အရေအတွက်အားဖြင့် စစ်ဘေးဒုက္ခသည် ၂ ဒဿမ ၈ သန်းကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရသည်ဟု ဆိုသည်။
ဒုတိယ အများဆုံးမှာ ကရင်ပြည်နယ်ဖြစ်ပြီး စစ်ဘေးဒုက္ခသည် ရှစ်သိန်းကျော်ရှိကာ ရခိုင်ပြည်နယ်သည် တတိယအများဆုံးဖြစ်ပြီး အရေအတွက်အားဖြင့် ခြောက်သိန်းကျော်ရှိကြောင်း သိရသည်။
စတုတ္တ အဆင့် စစ်ဘေးရှောင်အများဆုံးမှာ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ဖြစ်ပြီး စစ်ဘေးဒုက္ခသည် လေးသိန်းကျော်စီရှိကြောင်း သိရသည်။
ဓာတ်ပုံ-Clean Yangon
ပုံစာ-စစ်ဘေးရှောင်များ
#စစ်ကောင်စီ #ထိန်းချုပ်နယ်မြေ# စစ်ဘေးရှောင်များ #တစ်လ #၂၀၀၀၀ကျပ် #ထောက်ပံ့မည် #အချက်အလက်များ #ကောက်ယူမည် #Ayeyarwaddy_Times