ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာ ငါး ရွာ ထက်မနည်းကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး နယ်မြေရှင်း လင်းရေး လုပ်ဆောင်နေကြောင်း သိရသည်။

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး သာပေါင်းတိုက်ပွဲအတွင်းမှ သေဆုံးသည့်စစ်ကောင်စီ အလောင်းများကို ပုသိမ်သို့နေ့စဉ်သယ်ဆောင်နေရသည့်အတွက် ပုသိမ်မြို့နယ်အတွင်းတွင်ပင် စစ်ရေးအတွက် လှုပ်ခတ်မှုများရှိနေကြောင်း သိရသည်။

“ပုသိမ်မြို့ထဲမှာပါ ဖောကားတွေနဲ့ရော ရဟတ်ယာဉ် တွေနဲ့ပါ ကင်းလှည့်နေတာ။ ညဘက်တွေဆိုလည်း တအားစစ်တယ်။ တိုက်ပွဲနေရာကနေ စစ်ရှောင်လာတဲ့ လူတွေနဲ့ရောဆိုတော့ အတော်ကို လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတာ”ဟု ပုသိမ်မြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပုသိမ်မြို့နယ် ဝါးယားချောင်းကျေးရွာအစပ်နှင့်ကန်ကြီးထောင့်နယ်မြေများဖြစ်သည့် ဒါးကဝ၊ အိုးဘို၊ ညောင်ချောင်း၊ ကျွန်းလျားရှည်၊ ညောင်ချောင်းကျေးရွာ စံပြများဘက်သို့ စစ်ကြောင်း ထိုးနေကြောင်း သိရသည်။

စစ်ကောင်စီ၏ ခလရ ၁၁၊ ခလရ ၄၂၄ တပ်များမှ နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် စစ်ကြောင်းထိုးမှု များ ပြုလုပ်လျက်ရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း ညောင်ချောင်းကျေးရွာအတွင်းသို့ စစ်ကောင်စီအင်အား ၂၀၊ ရဲအင်အား ၁၀ ဦးခန့် စုစုပေါင်း ၃၀ ကျော်ဖြင့် နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ပုသိမ်မြို့တွင် စစ်သုံးဖောကားတစ်စီးဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်ကာ ကင်းလှည့်မှုများရှိနေပြီး စစ်သုံးရဟတ်ယာဉ်တစ်စီးဖြင့်လည်း ကျေးရွားဘက်တွင် ကင်းလှည့်ပျံသန်းမှုများရှိကြောင်း ဒေသခံများထံက သိရသည်။

တိုက်ပွဲများမှာ ဧရာဝတီတိုင်းအတွင်းထိ ရောက်ရှိလာပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများသည့်အတွက် စစ်ကောင်စီသည် ပုသိမ်မြို့နယ်အတွင်း၌ပါ ယခုကဲ့သို့ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရသည်။

#ဧရာဝတီတိုင်း #ပုသိမ် #စစ်ကောင်စီ #စစ်ကြောင်း ထိုး #ကင်းလှည့် #လှုပ်ခတ် #Ayeyarwaddy_Times