
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကျောက်ခက်ဒေသ၌ ပိတ်လှောင်ညှဉ်းပန်း ခံနေရသည့် ပါကစ္စတန်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများကို ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)က ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်၊ နေ့လယ်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ကာယကံရှင် မိသားစုဝင်နှင့် နီးစပ်သူများထံက သိရသည်။
ကျောက်ခက်ဒေသရှိ ကျားဖြန့်ဂိုဏ်းတစ်ခု၌ ပါကစ္စတန်နိုင်ငံသားများ ပိတ်လှောင်နှိပ်စက် ညှဉ်းပန်းခံနေရသည့် သတင်းများ ယခုရက်အတွင်း ထွက်ပေါ်လာပြီးနောက် DKBA က အဆိုပါလူတချို့အပါအဝင် နိုင်ငံခြားသား ၂၆၁ ဦးကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး အများအပြား ကျန်ရှိနေသေးကြောင်း သိရသည်။
“လောဆယ် နာမည်ကြီးနေတဲ့ ခြောက် ဦးပါလာတယ်။ တခြားသူတွေလဲ ပါနေတယ်။ DKBA က ကျောက်ခတ်ကနေ လွဲပြောင်းပေးတာ။ ၂၆၁ ဦးပြောပြီး ၇၅ ဦးရဲ့ စာရင်းပဲ စခန်း(ထိုင်း)မှာရှိနေတာ” ဟု ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပိတ်လှောင်ညှဉ်းပန်းခံနေရသည့် ပါကစ္စတန်နိုင်ငံသားများသည် ဧရာဝတီတိုင်းမ် သတင်းဌာနမှ ရရှိထားသည့် သတင်းအချက်အလက်များအရ စုစုပေါင်း ၃၀ ဦးထက်မနည်းရှိနေပြီး DKBA က ပြန်လွှတ်ပေးရာတွင် လတ်တလော လူတချို့သာ ပါဝင်နေသေးကြောင်း သိရသည်။
ယင်းပါကစ္စတန် နိုင်ငံသား၃၀ ဦးထက်မနည်းသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကတည်းက နိုင်ငံတွင်းရှိ အေးဂျင့် တချို့၏ ထိုင်းနိုင်ငံ၌ ဒေါ်လာဖြင့်ရမည့် အလုပ်တစ်ခုကို လုပ်ကိုင်ရန် အလုပ်ခေါ်စာတွေ့၍ ချိတ်ဆက်ကာ ဘန်ကောက်၊ ထိုမှတဆင့် မဲဆောက်ကို ကားဖြင့်ရောက်လာကြောင်း ကာယကံရှင် မိသားစုဝင်နှင့် နီးစပ်သူများထံက သိရသည်။
ထို့နောက် မဲဆောက်မြို့ရှိ ဟိုတယ်တစ်ခုတွင် ခေတ္တအနားယူရပြီး ကားသမားတချို့က အလုပ်နေရာကို သွားရမည်ဆိုကာ ညနေပိုင်းတွင် လာခေါ်သွားရာမှ နောက်ဆုံး ကျောက်ခက်သို့ ရောက်ရှိလာကာ လိမ်လည်သော နေရာများ၌ ပိတ်လှောင်ခိုင်းစေခဲ့ကြောင်း၊ လက်ရှိတွင် ၎င်းတို့အနက်မှ လူတချို့နှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦးပါ ရှိနေသေးကြောင်း သိရသည်။
အဆိုပါအခြေအနေနှင့် ပြန်လွှတ်ပေးနေမှုကို သိရှိနိုင်ရန် ကျောက်ခတ်ဒေသ အုပ်ချုပ်သူ DKBA အမှတ်(၁) စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုင်းကျော်လှအား ဧရာဝတီတိုင်းမ် သတင်းဌာနက ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ဓာတ်ပုံ – ကာယကံရှင် မိသားစုဝင်နှင့် နီးစပ်သူများ
ပုံစာ- ပိတ်လှောင်ခိုင်းစေခံနေရသော ပါကစ္စတန်နိုင်ငံသားများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦး
#ပိတ်လှောင်ညှဉ်းပန်း #ပါကစ္စတန်နိုင်ငံသား #DKBA #ပြန်လွှတ်ပေး #အများအပြားကျန်ရှိ #Ayeyarwaddy_Times