ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအချို့တွင် လူငယ်အချို့ကို ကြိုတင်အသိပေးခြင်းမရှိပဲ စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း​ သတင်းရရှိသည်။

ပုသိမ်မြို့နယ် ရေမနေပင်ကိုင်းကျေးရွာ၊ သံပါတ်ကုန်းကျေးရွာ၊ အမှတ်(၁၀)ရပ်ကွက် မရမ်းချောင်းတို့တွင် လူငယ်လေးဦးကို တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များမှ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“ညဘက်တွေဧည့်စာရင်းစစ်တဲ့ပုံစံမျိုးတွေနဲ့၀င်ဆွဲတာ အုပ်ကြီးတွေကိုယ်တိုင်ပါတယ် “ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင်ခေါ်ဆောင်ခံရသူ လူငယ်တစ်ဦးကိုမိဘများမှငွေပေးသောကြောင့် ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရပြီး ပုသိမ်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများမှ
ဥပဒေမဲ့ဖမ်းဆီးကာ စစ်မှုထမ်းခေါ်ဆောင်ခံရမည်ကို ပြည်သူများက စိုးရိမ်နေရကြောင်း သိရှိရသည်။

စစ်ကောင်စီမှ ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင်အားလုံလောက်မှုမရှိတော့သည့်အတွက် ဧရာ၀တီတိုင်းအပါအ၀င် အခြားတိုင်းနှင့်ပြည်နယ် အချို့တွင် လူငယ်များကို အဓမ္မဝင်ရောက်ဖမ်းဆီးမှုများပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

ယင်းကဲ့သို့ အဓမ္မဖမ်းဆီးမှုများရှိနေချိန်တွင် ဥပဒေအတိုင်းသာ လုပ်ဆောင်ရန် ဒုစစ်ခေါင်းဆောင်က ပြောဆိုလာသည်။

#ပုသိမ်မြို့နယ် #လူငယ်အချို့ #ကြိုတင်အကြောင်းကြားခြင်းမရှိပဲ #စစ်မှုထမ်းရန် #အဓမ္မခေါ်ဆောင် #Ayeyarwaddy_Times