
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်အနီးဝန်းကျင်တွင် စစ်ကောင်စီက လုံခြုံရေးအပြည့်ယူထားပြီး လျှို့ဝှက်ကင်းပုန်းများပါဝပ်နေကြောင်း သိရသည်။
စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) တပ်များ စတင်ပစ်ခတ်လာပြီးနောက် စစ်ကောင်စီက ကျောက်ဖြူတွင် ပါ လုံခြုံရေးများတိုးချပြီး ကင်းပုန်းဝပ်ခြင်းများ လုပ်ဆောင် လာခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“ရေတပ်နားကို အကပ်မခံဘူး။ ဖြတ်သွားဖြတ်လာတွေကို ကင်းပုန်းဝပ်နေရာကနေ သေနတ်နဲ့လှမ်းပစ်တယ်။ ရွာတွေကိုလည်း မကြာခဏ စစ်ကြောင်းထိုးနေလို့ ဘယ်ကိုရှောင်ရမယ်ကို မသိတော့ဘူး”ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရေတပ်ဌာနချုပ်နှင့် အနီးဝန်းကျင်ရှိ စည်မော်ရွာ၊ စိုင်ခြုံ၊ ရှောက်ချောင်း၊ ကပ်သပြေ၊ ကျားတဲစသည့် ကျေးရွာများတွင် လုံခြုံရေးချပြီး လျှို့ဝှက်ကင်းပုန်းများဝပ်ကာ နယ်မြေရှင်းလင်းရေးများပါ လုပ်ဆောင် နေကြောင်း သိရသည်။
ထို့အပြင် ဓညဝတီရေတပ်ဌာနချုပ်တည်ရှိရာ သစ်ပုတ်တောင်တိုက်နယ်မှ ဂုံးချွိန်ဘက်သို့ သွားလာခြင်း များမပြုလုပ်ရန် တားမြစ်ထားပြီး စစ်ဆေးတင်းကျပ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း စိုင်ခြုံရွာမှ ရှောက်ချောင်းရွာသို့သွားသည့် ဆိုင်ကယ်တစ်စီးကို ကင်းပုန်း ဝပ်နေသည့် စစ်ကောင်စီတပ်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အတွက် အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကာ ဈေး သည်အမျိုးသမီးတစ်ဦးပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီစိုးမိုးနယ်မြေ သုံးခုသာကျန်ရှိတော့ပြီး ကျန်ရှိနေသည့် အဆိုပါနယ်မြေသုံးခုကိုလည်း AA က ပိတ်ဆို့စောင့်ကြည့်နေကြောင်း ထုတ်ပြန်ထားကာ လက်ရှိတွင် စစ်တွေမြို့နယ်ကို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် စတင်ပစ်ခတ် ထိုးစစ်ဆင်နေကြောင်း သိရသည်။
ဓာတ်ပုံ-အင်တာနက်
#ရခိုင် #ကျောက်ဖြူ #ဓညဝတီရေတပ်ဌာနချုပ် #လုံခြုံရေးတိုးချဲ့ #ကင်းပုန်းဝပ် #Ayeyarwaddy_Times