
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်
လက်ရှိနွေဦးတော်လှန်ရေးအတွင်း ပင်လုံစာချုပ်ကဲ့သို့ ပြည်မနှင့် တောင်တန်းအကြားတော်လှန်ရေး ပဋိဉာဉ်တစ်ရပ်ခိုင်မာစွာဖြစ်ပေါ်စေရန်နှင့် တိုင်းရင်းသားလူမျိုးစုများအားလုံးပေါင်းစည်းဖွဲ့ထားသော မဟာမိတ်စစ်ရေးတပ်ပေါင်းစုပေါ်ပေါက်ရန်မျှော်လင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ကိုလိုနီစနစ်ကိုဆန့်ကျင်ပြီးနောက် ခေတ်သစ်နိုင်ငံတော်တည်ထောင်ခြင်းအတွက် ပင်လုံစာချုပ်သည် ပြည်မနှင့်တောင် တန်းပေါင်းစည်းမှုအမှတ်သင်္ကေတဖြစ်သလို ပြည်ထောင်စုအတွက် နိုင်ငံရေးပဋိဉာဉ် ဖြစ်ကြောင်း၊ ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်သော ၇၈ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း အထိမ်းအမှတ် ပြည်ထောင်စုနေ့အခမ်းအနားတွင် NUG ယာယီသမ္မတက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိနွေဦးတော်လှန်ရေးသည် နိုင်ငံအတွင်းရှိတိုင်းရင်းသားပြည်သူအားလုံး၏ နိုင်ငံရေးအရ လွတ်မြောက်ခြင်း လူမျိုးရေးအရလွတ်မြောက်ခြင်း၊ လူမှုလူတန်းစားအားလုံး လက်နက်နှင့် ဖိနှိပ်ခံရမှုဘဝမှ အလုံးစုံလွတ် မြောက်ရေးဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။
“ကျွန်တော်တို့အချင်းချင်း အာရုံမများကြဖို့လိုပါတယ်။ လိုရင်းရောက်မှ လူထုအတွက် လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတွေဟာအမြန်ပြီးပြတ်မှာဖြစ်ပါတယ်။ ဘုံရန်သူကို ချေမှုန်းတဲ့နေရာမှာ ကျွန်တော်တို့ ဝေ့ဝိုက်နေလို့မရပါဘူး” ဟု ဒူဝါလရှီးလက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် ဘုံရန်သူအဖြစ် ထင်ရှားနေပြီးဝေ့ဝိုက်နေ၍မရဘဲ ခုံခံတော်လှန်စစ်တွင် စစ်ရေးကြိုတင်ပြင်ဆင်မှုအရေးကြီးကြောင်း၊ ဘုံရန်သူကို ဝိုင်းဝန်းချေမှုန်းရာတွင် အင်အားစု အချင်းချင်းအကြား ပွတ်တိုက်မှုမဖြစ်အောင်သတိထားကြရန်လိုအပ်ကြောင်း NUG ယာယီသမ္မတက ဆက်လက်ပြောကြားသည်။
“ အချင်းချင်းဖြစ်ပေါ်လာတဲ့ ကတောက်ကဆဖြစ်ရပ်တွေကို လက်နက်နဲ့မဖြေရှင်းကြဖို့၊ သေနတ်သံ မဖောက်ပဲဖြေရှင်းကြဖို့ ကျွန်တော်အနေနဲ့အလေးအနက်တိုက်တွန်းချင်ပါတယ်” ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလက ဆိုသည်။
လက်ရှိတွင် စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် တော်လှန်တိုက်ပွဲဝင်နေကြသောတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအများသည် တော်လှန်ရေးကာလ ကြားလမှစတင်ကာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတွင် ဗဟိုအခြေပြုဖက်ဒရယ်စနစ်ကို လက်ခံမည်မဟုတ်ဘဲ ပြည်နည်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး အခြေခံ ချဉ်းကပ် မှုဖြင့် တိုင်းပြည်တည်ထောင်မည်ဖြစ်ကြောင်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများ ပြည်နယ် နှင့် လူမျိုးကိုယ်စားပြုဖက်ဒရယ်ကောင်စီက ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်သည်။
ဓာတ်ပုံ – NUG
#ပြည်ထောင်စုနေ့ #ပင်လုံကဲ့သို့နိုင်ငံပဋိဉာဉ်လိုအပ် #NUG #ယာယီသမ္မတ #ဒူဝါလရှီးလဆို #buttomupfederal #တိုင်းရင်းသားတော်လှန်ရေးအင်အားစုဆို #Ayeyarwaddy_Times