ဧရာဝတီတိုင်းမ်
(မလေးရှား)၊ ဖေဖော်ဝါရီ ၁၂ ရက်

မလေးရှားတွင် ဖမ်းဆီးခံထားရသူများကို မြန်မာနိုင်ငံသို့ပြန်ခေါ်ရန် စစ်ကောင်စီက စီစဉ်နေသည့်အတွက် အဓမ္မစစ်သားစုဆောင်းခံရမည်ကို စိုးရိမ်နေကြကြောင်း ဖမ်းဆီးခံထားရသူများကို ကူညီနေသူများထံက သိရသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်း နှင့် Pekan Nanas လူဝင်မှု ကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း တာဝန်ရှိသူတို့ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုသို့ တွေ့ဆုံရာတွင် Pekan Nenas လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ၏ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စများ၊ ၎င်းတို့ကို မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်ရေးကိစ္စတို့ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံမူသည် မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်မှုနှင့် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများကို မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးအဖွဲ့က မြန်မာသံရုံးနှင့် ချိတ်ဆက်၍ စစ်ကောင်စီတပ်ဖွဲ့ထံ တိုက်ရိုက်ပို့ဆောင်ရန် စီစဥ်ဆောင်ရွက်နေခြင်းဖြစ်နိုင်ကြောင်း မလေးရှားရောက်မြန်မာနိုင်ငံသားများက သုံးသပ်ထားသည်။

“ကျွန်တော်ထင်တာ သူတို့တွေ စစ်ကောင်စီဆီ တိုက်ရိုက်ပို့ဖို့ စနစ်တကျဆောင်ရွက်နေတာဖြစ်ပါလိမ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လေဆိပ်မှာ လူငယ်တွေ ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းဖို့ဖြစ်တယ်။ အခုဆို ပြန်ပို့ခံရတဲ့သူတွေတချို့ လေဆိပ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးတာ၊ မဲနှိုက်ခိုင်းတာတွေရှိတယ်။ ပြီးတော့ မလေးမှာဖမ်းဆီးခံရတဲ့သူတွေတချို့ တရားရုံးက ထောင်မချဘဲ မြန်မာပြည် ပြန်ပို့တာတွေလည်းရှိတယ်” ဟု မလေးရှားတွင် မြန်မာနိုင်ငံသားများအရေးကို ကူညီဆောင်ရွက်ပေးနေသည့် ကချင်အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် တရားမဝင်နေထိုင်မှုနှင့် ဖမ်းဆီးထောင်ချခံရပြီး မြန်မာနိုင်ငံသို့ ပို့ဆောင်ခံရသည့် ကချင်လူငယ်နှစ်ဦးသည် ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီတပ်၏ စစ်မှုထမ်းရန် တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်မှုနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် CDM ဝန်ထမ်းများလည်းပါဝင်နေသောကြောင့် ၎င်းတို့အား စစ်ကောင်စီတပ်ထံ ပြန်ပို့ခံရမည်ကို စိုးရိမ်နေကြရကြောင်းလည်း ပြောဆိုကြသည်။

“မလေးရှားမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာတဲ့ CDM ဝန်ထမ်းတွေအများကြီးရှိတယ်။ နောက်ပိုင်းမှာ ပိုများလာတယ်။ တချို့က CDM လုပ်ပြီး PDF ထဲ ဝင်ပြီး တစ်နှစ်၊ နှစ်နှစ်လောက်နေပြီးမှ မလေးရှားရောက်လာတာတွေရှိတယ်။ သူတို့တွေအနေနဲ့ဆို စစ်ကောင်စီဆီ အဖမ်းခံလို့မရတဲ့အခြေအနေမျိုးမှာရှိတယ်။ အဲဒီအခြေအနေမျိုးမှာဖမ်းဆီးခံရတဲ့ CDM တွေအတွက် အသက်အန္တရာယ်စိုးရိမ်နေရပါတယ်။ လက်ရှိဖမ်းဆီးခံရတဲ့ထဲမှာ CDM တွေအတော်များပါတယ်” ဟု မလေးရှားရောက် CDM တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့မှစ၍ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထိ မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်မှုနှင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား ၇၀၀ နီးပါးရှိရာ ၎င်းတို့ထဲတွင် အနည်းငယ်သာ ပြန်လွတ်မြောက်ပြီး အများစုသည် မြန်မာပြည်သို့ ပြန်ပို့ခံရမည့် အခြေနေဖြင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

#မလေးရှား #ဖမ်းဆီးခံထားရသူများ #မြန်မာနိုင်ငံ #စစ်ကောင်စီ #အဓမ္မစစ်သားစုဆောင်း #စိုးရိမ် #မြန်မာသံအမတ်ကြီး #ဦးအောင်စိုးဝင်း
#Ayeyarwaddy_Times