
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဖေဖော်ဝါရီ ၁၁ ရက်
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) က ယမန်နေ့ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည့် တစ်နှစ်တာ အစီရင်ခံစာအတွင်း IEC ၏ဝင်ငွေစုစုပေါင်းတွင် ပြည်တွင်း အခွန်ဝင်ငွေပြီးပါက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဒုတိယ အများဆုံး ပါဝင်ပံ့ပိုးခဲ့ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ကရင်နီဒေသရှိ ပညာရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများတွင် IEC နှင့် ပူးပေါင်းကာ အကူညီပေးရေးလုပ်ငန်းများတွင် ရန်ပုံငွေ ပါဝင်ပံ့ပိုး နေခြင်းဖြစ်ကြောင်း သိရသည်။
“အကြမ်းဖျင်းပြောလို့ရတာကတော့ သေချာတာတစ်ခုကတော့ NUG နဲ့ IEC သဘောတူပြီး လုပ်နေတဲ့ အချို့ ပရောဂျက်ကနေရတာ တချို့ပါတယ်။ အချို့ကတော့ IEC ကို ဖြတ်သန်းပြီးသွားခြင်း ဖြစ်တယ်ပေါ့။ ဒါပေမယ့် ဘဏ္ဍာရေးအရကြည့်မယ်ဆိုရင် IEC ရဲ့ ဘဏ္ဍာရေးမှာ အ၀င်ရှိတယ်။ ပြီးတော့ IEC ကတစ်ဆင့် သတ်မှတ်ထားတဲ့ အစကတည်းက သဘောတူထားတဲ့ ကျန်းမာရေးဆို ကျန်းမာရေး ၊ ပညာရေးဆို ပညာရေး ကို တိုက်ရိုက် စီးဆင်းတဲ့ငွေတွေပဲဖြစ်ပါတယ်” ဟု IEC အတွင်းရေး မှူး-၂ ဗညားခွန်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ၏ ၂၀၂၄ တစ်နှစ်တာ ဝင်ငွေများထဲတွင် ပြည်တွင်း အခွန်ကောက်ခံရရှိငွေမှာ ၃၁ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး NUG မှ ၂၉ ရာခိုင်နှုန်းဖြင့် ဒုတိယ အများဆုံးဖြစ်ကာ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ၂၈ ရာခိုင်နှုန်းဖြင့် အသီးသီးပါဝင်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်တစ်နှစ်တာအတွင်း IEC အနေဖြင့် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် အခွန်ဌာနမှ တစ်ဆင့်ရန်ပုံငွေ သိန်းပေါင်း ငါးသောင်းကျော်ကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများသို့ ခွဲဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
ခွဲဝေပေးနိုင်ခဲ့သည့် ရန်ပုံငွေများအနက် ပြည်ထဲရေးဌာနက အများဆုံးရရှိခဲ့ပြီး ၎င်းရန်ပုံငွေများအနက် အရပ်သားကယ် ဆယ်ရေး၊ ရဲဘော်ကယ်ဆယ်ရေးများ နှင့် အခြားအကူညီပေးရေးလုပ်ငန်းများစွာကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျန်းမာရေးဌာနအနေဖြင့် လူပေါင်း ကိုးသောင်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး ဆေးရုံ နှစ် ရုံဖွင့်လှစ်နိုင်ခဲ့သည်။
ထို့ပြင် ပညာရေးဌာနအနေဖြင့်လည်း ပညာရေးဝန်ထမ်းများကိုလစာပေးခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ထုတ်ဝေခြင်း စသည်တို့ကို ပြုလုပ်နိုင်ခဲ့ပြီး လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်လည်း ကျောင်းသူ ကျောင်းသားပေါင်း ခြောက်သောင်းကျော်ကို ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – အင်တာနက်(ပုံဟောင်း)
#ကရင်နီ #တစ်နှစ်တာအစီရင်ခံစာ #IEC #NUG #Ayeyarwaddy_Times