နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်

နွေဦးတော်လှန်ရေး လိုအပ်ချက်အရ ကျရာတာဝန်တွင် စွမ်းသလောက်ထမ်းခဲ့ပြီး နိုင်ငံရေးနှင့် တော်လှန်ရေးဆိုင်ရာ လေ့လာသုံးသပ် အကြံပြုခြင်းများတွင် ပိုမိုအာရုံစိုက်ချင်သဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD)မှ နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောသည်။

ဦးနိုင်ထူးအောင်သည် MoD အတွင်းဝန် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက်၊ နံနက်အစောပိုင်းတွင် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ Facebook မှတစ်ဆင့် တရားဝင် အသိပေးခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံရေးသား ပြောဆိုလာခြင်းဖြစ်သည်။

“ကျွန်တော်အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အနားယူတာ နိုင်ငံရေးဆိုင်ရာ ကိစ္စတွေနဲ့ တော်လှန်ရေးဆိုင်ရာ လေ့လာသုံးသပ် အကြံပြုခြင်း ကိစ္စတွေမှာ ပိုအာရုံစိုက်ချင်လို့ပါပဲ။ နဂိုကတည်းက ကျွန်တော်က နိုင်ငံရေးသမားပါ” ဟု ဦးနိုင်ထူးအောင်က ရေးသားပြောဆိုထားသည်။

ထို့အပြင် တော်လှန်ရေး လိုအပ်ချက်အရ ကျရာတာဝန်၌ စွမ်းသလောက် ထမ်းခဲ့ခြင်းသာဖြစ်ပြီး နေ့စဥ်စီမံခန့်ခွဲမှု အလုပ်များ အပြည့်လုပ်နေရသောကြောင့် နိုင်ငံရေးနှင့် တော်လှန်ရေးအတွက် အချိန်ပေးခြင်းဖြစ်ကာ မဟုတ်မမှန် ထွက်ပေါ်နေမှုအပေါ် ၎င်းက တုံ့ပြန်ပြောဆိုလာခြင်းဖြစ်ကြောင်း သိရသည်။

“NUG ခေါင်းဆောင် တချို့က စစ်တပ်နဲ့ စကားပြောမှာမို့ ထွက်တာဆို ရေးကြတယ်။ နည်းနည်းမှ မဟုတ်ပါ။ ငွေရေး ကြေးရေးကြောင့်ဆို ဖွတယ်။ လုံးဝ မဆိုင်ပါ။ တရာ ရာခိုင်နှုန်း တာဝန်ယူသလို ဘယ်မှလဲရှောင် ပြေးရန် မရှိပါ” ဟု ဦးနိုင်ထူးအောင်က ဆိုသည်။

အဆိုပါ နှုတ်ထွက်မှုနှင့် ပတ်သက်၍ NUG အစိုးရက လက်ရှိအချိန်ထိ အသိပေး ထုတ်ပြန်လာခြင်း မရှိသေးသလို တော်လှန် ရေး အင်အားစုများနှင့် ပြည်သူလူထုအကြား ဝေဖန်သုံးသပ်မှုများရှိကာ ထို့အတူ မဟုတ်မမှန် သတင်းများလည်း ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

MoD အတွင်းဝန် ဦးနိုင်ထူးအောင်သည် ပြီးခဲ့သည့် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတို့တွင် NLD ပါတီမှ အနိုင်ရအမတ်တစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သော CRPH ကော်မတီဝင် တစ်ဦးလည်းဖြစ်ကာ ၎င်းနုတ်ထွက်မှုသည် NUG အစိုးရအဖွဲ့အတွင်း ပထမဆုံးဖြစ်ကြောင်း သိရသည်။

“စစ်ရေးနဲ့ နိုင်ငံရေးက ဟန်ချက်ညီမှဗျ။ သူ့(ဦးနိုင်ထူးအောင်) အနေနဲ့ အစိုးရတာဝန်တွေအစား နိုင်ငံရေးတာဝန်တွေအပေါ် ပိုပြီးအချိန်ပေး ထမ်းဆောင်ချင်လို့ အခုလိုအနားယူတာ ဖြစ်နိုင်တယ်” ဟု လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ NLD ပါတီမှ အမတ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ MoD မှ အနားယူသည့်အပေါ် စိတ်မကောင်းဖြစ်သော်လည်း နိုင်ငံရေးတာဝန်၊ တော်လှန်ရေး တာဝန်များကို ဆက် လက် ထမ်းဆောင်မည်မို့ ဝမ်းပန်းတသာ ကြိုဆိုကြောင်း NLD ပါတီမှ ရန်ကုန်တိုင်း အမှတ် (၇) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်အမတ် ဦးအာကာမျိုးထက်က ဆိုသည်။

ပုံစာ-ဦးနိုင်ထူးအောင်

#နိုင်ငံရေးနှင့်တော်လှန်ရေးဆိုင်ရာ #အကြံပြုမှုများ #ပိုမိုအာရုံစိုက် #MoDအတွင်းဝန် #နုတ်ထွက် #ဦးနိုင်ထူးအောင် #Ayeyarwaddy_Times