
ဧရာဝတီတိုင်းမ်
(ချင်း)၊ ဖေဖော်ဝါရီ ၁၁ ရက်
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ချင်းပြည် နယ်တွင် အမျိုးသမီးစုစုပေါင်း ၁၃၀ ကျော်သေဆုံးပြီး တော်လှန်ရေးရဲမေ ကိုးဦးကျဆုံးကြောင်း ချင်းရေးရာအဖွဲ့ချုပ်(ICA)ထံက သိရသည်။
စစ်ကောင်စီတပ်သည် ချင်းပြည်နယ်တွင် လူအခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင် တင်းတင်း ကျူးလွန်နေပြီး ဒေသခံများကို အကြောင်းမဲ့ဖမ်းဆီး၊ နှိပ်စက်သတ်ဖြတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် မြေမြှုပ်များကြောင့် ချင်းပြည်သူများသေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။
“လေးနှစ်တာကာလအတွင်းမှာ အမျိုးသမီးသေဆုံးမှုက ၁၃၀ ကျော်ရှိတယ်။ ၁၃၀ ကျော်ထဲမှာ ၁၀ နှစ်အောက်အမျိုးသမီးကလေးငယ်တွေက ခုနစ် ယောက်ပါဝင်ပြီးတော့မှ ၁၀ နှစ်နဲ့ ၁၈ နှစ်ကြား သေဆုံးမှုကတော့ ၁၁ ယောက်တွေ့ရတယ်” ဟု ချင်းရေးရာအဖွဲ့ချုပ်(ICA)၏ Information officer Salai Van Sui San က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် အသက်မပြည့်သေးသည့် ကလေးငယ်သေဆုံးမှု စုစုပေါင်း အယောက် ၃၀ နီးပါးရှိပြီး ကိုယ်ဝန်သည်မိခင်တချို့လည်း သေဆုံးကြောင်းသိရသည်။
ချင်းပြည်သူများ သေဆုံးမှုတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရပြီး ဒုတိယအများဆုံးမှာ ဆေးဝါးလုံလောက်မှုမရှိခြင်းကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု သိရသည်။
“တော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတွေနဲ့ ကျဆုံးမှုကို ပြန်ကြည့်လိုက်တဲ့အခါ အများစုကတော့ ဆေးဝါးလုံလောက်မှုမရှိခြင်းကြောင့် ကျဆုံးတာကို တွေ့ရတယ်။ နောက်ပြီးတော့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျဆုံးတာကိုလည်း တွေ့ရတယ်” ဟု Salai Van Sui San က ပြောသည်။
စစ်ကောင်စီက ချင်းပြည်နယ်၌ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရာတွင် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများကို အဓိကပစ်မှတ်တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်အတွင်းရှိ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံစုစုပေါင်း ၁၅၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီး လေးနှစ်ကာလအတွင်းတွင် ချင်းပြည်သူစုစုပေါင်း ၉၆၅ ဦး သေဆုံးခဲ့ပြီး သေဆုံးသွားသော ချင်းပြည်သူ ၉၆၅ ဦးတွင် အရပ်သား ၄၉၁ ဦးနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၄ ဦးတို့ပါဝင် ကြောင်းချင်းရေးရာအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ပုံစာ-ချင်းစစ်ဘေးရှောင်ပြည်သူများ။
#အာဏာသိမ်းပြီး #ချင်းပြည်နယ် #အမျိုးသမီး #၁၃၀ကျော်သေဆုံး #တော်လှန်ရေးရဲမေ #၉ဦးသေဆုံး #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင် နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)