ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် စစ်ကောင်စီက အိမ်ယာဝန်းတစ်ခုဖော်ဆောင်ကာ ဗိုလ်မှူးချုပ်များ၊ ဝန်ကြီးဌာန ညွှန်ချုပ်များအပါအဝင် စစ်ကောင်စီအရာရှိကြီးများကို ကာလပေါက်စျေးထက် အဆမတန်နည်းသည့်နှုန်းထားဖြင့် ချထားပေးနေကြောင်း စီးပွါးရေးလုပ်ငန်းရှင်များနှင့် တပ်သတင်းရင်းမြစ်များထံကသိရသည်။

စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်နှင့် အထက် အရာရှိကြီးများကို မြေကွက်များရောင်းချပေးရန်အတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ ကျင်းပပြုလုပ်သည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးတွင်အတည်ပြုခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ ဗိုလ်မှူးချုပ်များကို ရောင်းချသည့် မြေကွက်တည်နေရာမှာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့၊ သံတမန်ဇုန်၏ မြောက်ဘက်၊ တော်ဝင်သီရိလမ်း၏ အရှေ့ဘက်တွင်ရှိပြီး (က) အဆင့်နှင့် (ခ)အဆင့်ရှိဟု သတ်မှတ်ထားသည့် မြေကွက်အမျိုးအစားဖြစ်ကြောင်း သိရသည်။

“မြေကွက်တွေက သိန်းထောင်ကျော်တန်တယ်၊ အားလုံးက ငွေသွင်းကြမှာပါ။ ငွေလာပြီး မသွင်းနိုင်တဲ့လူတွေကို ဖုန်းဆက်မေးတယ်။ ဘယ်လို ဘယ်ဘဏ်ကနေသွင်းကြမလဲပေါ့။ “ဟု နေပြည်တော်ရှိ စစ်ဘက်သတင်းရင်းမြစ်က ဧရာဝတီတိုင်းကို ပြောသည်။

(က)အုပ်စုရှိ မြေကွက်အမျိုးအစားသည် ပေ ၁၂၀ ပတ်လည်အမျိုးအစားဖြစ်ပြီး ( ခ)အုပ်စုရှိ မြေကွက်အမျိုးစားသည် ပေ ၁၀၀ပတ်လည် မြေကွက်များဖြစ်ကြောင်းနှင့် မြေကွက်တန်ဖိုးကိုမှု မြေကွက်တည်နေရာပေါ်မူတည်၍ ကျပ်သိန်း၄၀၀ ၊ ကျပ်သိန်း ၅၀၀ နှင့် ကျပ်သိန်း ၆၀၀ သတ်မှတ်ထားကြောင်းသိရသည်။

” ဌာနဆိုင်ရာက ညွှန်ချုပ်တွေနဲ့ စစ်ဘက်ကဆိုရင် ဗိုလ်မှူးချုပ်တွေပါတယ်။ လက်ရှိပေါက်စျေးက သိန်းငါးထောင်လောက်စျေးပေါက်တယ်။ အချို့တွေက ပြန်တောင်ရောင်းစားပြီးကြပြီ။ ပြောသံကြားနေတာကတော့ သိန်းလေးထောင်ဝန်းကျင်လောက် အမြတ်ကျန်မယ် ပြောနေကြတယ်” ဟု စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါမြေကွက် ချထားပေးသည့်လုပ်ငန်းစဉ်ကို နေပြည်တော်ကောင်စီက လူပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းသည် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဒုမြို့တော်ဝန် ဦးမောင်မောင်သည် ဗိုလ်မှူးချုပ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ပြည်သူ့လွှတ်တော်၏ တပ်မတော်သားကိုယ်စားလှယ်ခေါင်းဆောင်အဖြစ် သတင်းကြီးခဲ့သူ ဖြစ်သည်။

“နေပြည်တော်မှာက ပုံမှန်ဆိုရင် ပေရှစ်ဆယ်ပတ်လည်ကို ကျပ်သိန်း၂၅၀ သွင်းရတယ်။ အခုမြေကွက်တွေက ဝင်ဒါမီယာလိုအကွက်ဖော်တာလေ။ ကွက်ကျယ်ကြီးတွေနဲ့ကို လမ်းခင်းပြီးသားနဲ့ မီးတိုင်တွေစိုက်ထားပြီးသားတွေပါ။ အနည်းဆုံးသိန်းငါးထောင်ဝန်းကျင်ပေါက်စျေးရှိပါတယ်။ ပေရှစ်ဆယ်ပတ်လည်တွေတောင် သိန်းနှစ်ထောင်ကျော် သုံးထောင်ပေါက်နေတယ်” ဟု နေပြည်တော် ဒက္ခိဏ မြေစျေးကို သိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တရားမဝင်အာဏာရယူထားသည့်အတွက် စစ်ကောင်စီမှရောင်းချသည့် မြေယာစီမံကိန်းများကို မဝယ်ယူကြရန်နှင့် ဝယ်ယူထားသည့်မြေကွက်များကို နိုင်ငံပိုင်အဖြစ် သိမ်းယူမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြည်သူများသို့ အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် NLD အစိုးရလက်ထက်က ချထားပေးသည့်မြေကွက်များကို ပြန်လည်သိမ်းယူခဲ့သည်။

#နေပြည်တော် #ဒက္ခိဏသီရိ #အမျိုးသားညီညွတ်ရေးအစိုးရ #NUG #ဗိုလ်မှူးချုပ် #ညွှန်ချုပ် #အောက်စျေး #မြေကွက်များရောင်းချ #Ayeyarwaddy_Times