
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် ဇန်နဝါရီလ နောက်ဆုံးပါတ်က နိုင်ငံရေးအကျဥ်းသားတစ်ဦး ရောဂါပြင်းထန်နေစဥ် ဆေးရုံသို့တက်ခွင့်မရသောကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူမှာ အသက် ၃၆ နှစ်အရွယ် ကိုအောင်မျိုးကျော် ဖြစ်ပြီး ပုသိမ်မြိုပြပျောက်ကြား အဖွဲ့၀င်ဟု စစ်ကောင်စီက စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး ပုဒ်မသုံးခုနှင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထားရသူဖြစ်ကြောင်း သိရသည်။
“အစာအိမ်အောင့်တာက ဆေးရုံတင်လိုက်ရင် ရတာကို ထောင်ဆေးခန်းကဆေးတိုက်ပြီး တက်ခွင့်မပေးလို့ သေဆုံးသွားတာလို့ သိရပါတယ်။ သဂြိုလ်ပြီးမှ မိသားစုကိုအကြောင်းကြားတာ သူ့အမေပါ သားစိတ်နဲ့ ကျန်းမာရေးမကောင်တော့ဘူး” ဟုမိသားစုနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပုသိမ်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားများကို ထောင်အာဏာပိုင်များက လုံလောက်သည့် ဆေးဝါးကုသခွင့်မပေးသည့်အပြင် အကျဉ်းထောင်သို့မရောက်မှီကသောက်သုံးသောဆေးဝါးများကိုပါ ပေးပို့ခွင့်ကန့်သတ်ထားကြောင်း သိရသည်။
“ဘာရောဂါဖြစ်ဖြစ်ပါရာစီတမော့ပဲရတယ်။ ရောဂါကဖောက်ပြီးအသက်အန္တရာယ် အခြေအနေရောက်တာတောင် ပုသိမ်ဆေးရုံကို လွှဲဖို့ အထက်အဆင့်ဆင့်ကို တင်ပြနေရတာနဲ့ အသက်ဆုံးရူံးတာအများကြိီးပဲ”ဟုအကျဥ်းထောင်မှ ပြန်လည်လွှတ်မြောက်ခဲ့သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ကျဥ်းသားများကိုလုံလောက်သည့် ကျန်းမာရေး ကုသမှု မရရှိခဲ့သောကြောင့်၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပုသိမ်မြို့မှ အသက် ၅၀ အရွယ် နိုင်ငံရေးအကျဥ်းသား ဦးစန်းအေးနှင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ တွင် အသက် ၃၀ အရွယ်ရှိ ဖျာပုံမြို့မှနိုင်ငံရေးအကျဥ်းသား ကိုစံလင်းစံတို့ သေဆုံးခဲ့ကြသည်။
၂၀၂၄ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၁၈ ဦးနှင့် အကျဉ်းသူ နှစ်ဦးသေဆုံးခဲ့သဖြင့် စုစုပေါင်း ၂၀ဦး ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက်က သတင်းထုတ်ပြန်ထားသည်။
#ပုသိမ်ထောင် #ဆေးရုံတက်ခွင့်မရသောကြောင့် #နိုင်ငံရေးအကျဉ်းသားတစ်ဦးသေဆုံး #Ayeyarwaddy_Times