(တမူး)၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ နန်းဖာလုံရပ်ကွက်တွင် စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီး၏ ပစ်ခတ်မှုကြောင့် ချင်းလူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

သေဆုံးသူသည် နန်းဖာလုံရပ်ကွက်မှ အသက် (၁၆) နှစ်အရွယ် ဆလိုင်းလက်မင်းထန်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ ညနေ ၅ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် နန်းဖာလုံရပ်ကွက်ရှိ ကဗျာလေးဆိုင်တွင် စကားများပြီး ပျူစောထီးဖြစ်သူ ထွန်းထွန်းဦးမှ ဆလိုင်းလက်မင်းထန်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“သူတို့နှစ်ယောက်က တစ်ရက်ကွက်သားချင်း အသိတွေပါ။ စကားများတာလည်း ကြီးကြီးမားမားဖြစ်တာမဟုတ်ဘဲ စကားရည်လုရင်းဖြစ်သွားတဲ့ ပြဿနာလေးပါ။ သေနတ်နဲ့ နှလုံးတည့်တည့်ကို နှစ်ချက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်” ဟု ဖြစ်စဥ်သိရှိသူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆလိုင်းလက်မင်ထန်ကို ရပ်ကွက်နေပြည်သူများက တမူးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်း ပို့ဆောင်ခဲ့သော်လည်း နှလုံးကိုကျည်ထိမှန်ခဲ့သည့်အတွက် အသက်ကယ်ဆယ်နိုင်ခြင်းမရှိဘဲ သေဆုံးခဲ့သည်။

တမူးမြို့ကို စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပျူစောထီး၊ ကသည်း၊ ရှမ်းနီးပူးပေါင်းတပ်တို့က ထိန်းချုပ်ထားပြီး ၎င်းတို့က အရပ်သားပြည်သူများကို အနိုင်ကျင့်ခြင်းနှင့် နေအိမ်များကို ဖောက်တွင်းခြင်းများ ပြုလုပ်သည်ဟု ဒေသခံများက ပြောသည်။

“ပျူစောထီးတွေပိုဆိုးတယ်။ သေနတ်တွေရှိတယ်ဆိုပြီး မချေငံတွေဆက်ဆံတယ်။ နိုင်ထက်စီး ဆက်ဆံတယ်။ လူမနေတဲ့ မြို့ပြင် ရပ်ကွက်တွေမှာ နေအိမ်တွေ ဖောက်ပြီး ပစ္စည်းတွေခိုးတယ်။ ပြည်သူတွေကိုလည်း သူတို့ကိုကြောက်အောင် အမျိုးမျိုး ခြိမ်းခြောက်တယ်” ဟု တမူးမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိ တမူးမြို့တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံပူးပေါင်းတပ်တို့က မြို့အဝင်/အထွက် လုံခြုံရေး တင်းကြပ်ထားပြီးလေကြောင်းမှ လူအင်အား၊ လက်နက်ခံယမ်းအင်အားဖြည့်တင်းထားသည်။

#တမူးမြို့ #ပျူစောထီး #ပစ်ခတ်မှု #ချင်းလူငယ်တစ်ဦးသေဆုံး #Ayeyarwaddy_Times