
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်
ရခိုင်းပြည်နယ့်နှင့် ပဲခူတိုင်းအစပ် ပန်းတောင်း-တောင်ကုတ်လမ်းပေါ်ရှိ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် မိုးထိတောင်စခန်းကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာရာ AA ၏ ဝိုင်းပတ် တိုက်ခိုက်ခြင်းကို မခံနိုင်ဘဲ တပ်လန်ပြီး နောက်ဆုတ်ပြေးရကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့်ရက်ပိုင်း ဖေဖော်ဝါရီ ၇ ရက်နေ့က မိုးထိတောင်စခန်းဘက်ကို လက်နက် ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး AA ၏ ပြန်လည်တိုက်ခိုက်မှုကို မခံနိုင်သည့် အတွက် တပ်ဆုတ်ပြီး ထွက်ပြေးရကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
“မိုးထိကိုစစ်ကြောင်းပြန်ထိုးတာ တပ်လန်ပြီး ပြန်ဆုတ်နေရတယ်။ သရက်နဲ့ပြည်ဘက်က လက်နက်ခဲ ယမ်းတွေ ညောင် ခြေထောက်ကနေတစ်ဆင့် ညောင်ကျိုးကို ပို့နေရတယ်။ အင်အားလည်းနည်းနေပြီး အရေးပေါ်မို့လို့ စစ်ယာဉ်တန်းလုံခြုံရေးတောင်မပါဘူး။ ခဲယမ်းကားကြီးပဲ လွှတ်ပေးနေရတယ်”ဟု ပြည် တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။
ညောင်ကျိုးတွင် အခြေချထားသည့် စစ်ကောင်စီ၏ လက်နက်ကြီးစခန်းမှနေ၍ ပစ်ကူတိုက်ခိုက်သလို လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့ပြီးနောက် ဥသျှစ်ပင်တွင်ပါ ခံစစ်ပြင်နေရကာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နေ့က မိုးထိတောင်တိုက်ပွဲမှ သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးကို ဖောကားများဖြင့် ညောင်ကျိုးဘက်သို့ ပြန်လည် သယ်ဆောင်လာကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီသည် ပန်းတောင်းမြို့နယ်အတွင်းရှိ ညောင်ကျိုးသို့ စစ်သုံးဖောကားများဖြင့် အင်အားများ အပြည့် စစ်ကူဖြည့်တင်းကာ လက်နက်ခဲယမ်းများပါ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ညောင်ကျိုးနှင့် မိုင်အနည်းငယ်သာကွာသည့် ဒေသအခေါ် ကုလားလက်တိုတွင်ပါ AA နှင့်ပူးပေါင်း အဖွဲ့များ ရောက်ရှိနေပြီး မိုးထိတောင်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပိတ်ဆို့တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
စစ်ကောင်စီက ညောင်ကျိုးတွင်သာမက ပုဂံကွဲရွာတွင်ပါ တပ်စခန်းထိုင်ထားပြီး ခံစစ်အခိုင်အမာ ပြင်ဆင်နေကြောင်း သိရသည်။
AA ၏ ထိုးစစ်မှာ ပန်းတောင်းနယ်ထဲအထိ ရောက်ရှိလာပြီဖြစ်သည့်အတွက် စစ်ကောင်စီသည် ပြည်ဒကစအတွင်းသို့ သရက်ဘက်မှ စစ်ယာဉ်တန်းများဖြင့် ခဲယမ်းများပို့ဆောင်ဖြည့်တင်းနေပြီး ညောင်ကျိုးဘက် သို့လည်း ယခုရက်ပိုင်းအတွင်း စစ်ကား ရှစ်စီးဖြင့် လက်နက်နှင့်ရိက္ခာများ ပို့ဆောင်ခဲ့ကြောင်း တပ်သတင်းရင်းမြစ်က ဆိုသည်။
ဓာတ်ပုံ-AA Info Desk
#ပဲခူး #ပြည် #ပန်းတောင်း #မိုးထိတောင် #စစ်ကောင်စီ #စစ်ကြောင်းထိုး #တပ်လန် #ညောင်ကျိုး #ဥသျှစ်ပင် #ခံစစ်ပြင် #Ayeyarwaddy_Times