
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်
အသေးစားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများအတွက် ပြည်တွင်းနှင့် ပြည်ပဈေး ကွက်ချိတ်နိုင်ရေး စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (စီး/ကူး)က ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က နေပြည်တော် တပေါင်းကွင်းတွင် ကျင်းပလျက်ရှိပြီး စစ်ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် စစ်ကောင်စီ၏ ဝန်ကြီးဌာနပြခန်းများအပါအဝင် တိုင်းနှင့် ပြည်နယ်အလိုက် ထုတ်ကုန် ပြခန်းများ ပါဝင်ပြသထားပြီး အသေးစား၊အငယ်စား၊အလတ်စားစီးပွားရေးလုပ်ငန်း ( MSME ) များကို ပြည်တွင်းနှင့် ပြည်ပဈေးကွက်ရှာဖွေရန်အပါအဝင် ပုဂ္ဂလိကဘဏ်ဖြင့် ချေးငွေများရရှိစေရေးကို ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရသိရသည်။
ပြည်ပဈေးကွက်ချိတ်နိုင်ရေးအတွက် အိန္ဒိယ၊ ထိုင်း၊ တရုတ် (ပေကျင်းမြို့၊ ကူမင်း) စီးပွားရေး သံမှူးများနှင့် စားသောက်ကုန်လုပ်ငန်း၊ ဝိုင်လုပ်ငန်း၊ အသားခြောက်ထုတ်လုပ်ရေး လုပ်ငန်းတို့မှ လုပ်ငန်းရှင် ၂၀ ကျော်တို့ တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်းဈေးကွက်ပိုမိုရရှိရန်အတွက် Genius Coffee၊ မနီငါးချဉ်လုပ်ငန်း၊ ခင်ခင်လင်းယိုမျိုးစုံ၊ အွန်ဖကယားဝက်အူ ချောင်း၊ သစ်တောအိမ် မုန့်ညင်းချဉ်လုပ်ငန်း ၊ ရွှေအုပ်ဆောင်း ပယင်းရှူလိမ်းဆေး ၊မြဧကရီ ချောင်းလျှော်ရည် ၊ ဝိုင်လုပ်ငန်း ၊ ယက်ကန်းလုပ်ငန်းတို့အပါအဝင် လုပ်ငန်း ၁၅၀ ကျော်ချိတ်ဆက်ပါဝင်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီး/ကူး ဝန်ကြီးဌာနထံက သိရသည်။
ယင်းပြင် ရင်းနှီးမတည်ငွေချိတ်ဆက်ရေးအတွက် ပုဂ္ဂလိက ဘဏ်များအပါအဝင် စီးပွားရေး လုပ်ငန်းရှင်များ၊ စစ်ကောင်စီ၏ စီး/ကူး ဝန် ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးများနှင့် မတည်ချေးငွေ လိုအပ်သူလုပ်ငန်းရှင် ၅၀ နီးပါးပါဝင်ပြီး အဆိုပါ လုပ်ငန်းရှင်များတွင် ချည်ထည်ထုတ် လုပ်သူများနှင့် စားသောက်ကုန်လုပ်ငန်းများပါဝင်ကြောင်း စစ်ကောင် စီ၏ စီး/ကူး ဝန်ကြီးဌာနထံက သိရသည်။
“သူတို့ချေးငွေပေးတာ အလူမီနီယံလုပ်ငန်းတို့ ၊ သံပန်းလုပ်တာတို့ မပါဘူး။ ကန့်သတ်ထားတာရှိတယ်။ value added ထုတ်ကုန်ပဲရတယ်။ ပြည်တွင်းထွက်ကုန်တာလုပ်တာမျိုးတွေပဲရတယ်။ နောက်သွင်း ကုန်အစားထိုးပစ္စည်ထုတ်တာတွေပေးတယ်။ အပေါင်တစ်ခုခုလည်းပေးရတယ် ” ဟု အလူမီနီယံတံခါး လုပ်ငန်း လုပ်ကိုင်သူ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ကုန်ကြမ်းပြတ်လပ်မှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတို့ကြောင့် MSME နှင့် အခြား လုပ်ငန်းအခက်အခဲများ ဖြစ်ပေါ်နေရပြီး တရုတ်နိုင်ငံမှ အလူမီနီယံချောင်းများ တင်သွင်းရာတွင် လည်းကြန့်ကြာမှုများရှိကြောင်း အလူမီနီယံတံခါးလုပ်ငန်းလုပ်ကိုင်သူထံက သိရသည်။
စစ်ကောင်စီသည် ယခင်နှစ် ၂၀၂၄ ခုနှစ်တွင် MSME လုပ်ငန်းရှင် ၆၁၆ ဦးကို ချေးငွေကျပ် ၃၆၈ ဒသမ ၃၆၉ ဘီလီယံထုတ်ချေးထားကြောင်း သိရသည်။
ဓာတ်ပုံ – MOI
#MSMEလုပ်ငန်းများ #ပြည်တွင်းပြည်ပဈေးကွက် #ချိတ်ပေး #စစ်ကောင်စီ #Ayeyarwaddy_Times