
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်
အာဏာသိမ်းစစ်ကောင်စီက တက္ကသိုလ်လေ့ကျင့်ရေးတပ်များရှိ တပ်ဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများကို အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာ သင်တန်းများပေးအပ်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။
ယခုကဲ့သို့ စစ်သင်တန်းပေးခြင်းသည် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်သည့်အခါ အထောက်အကူ ရရှိစေရန်နှင့် မျိုးချစ် စိတ်ထက်သန်စေရန် ဟုဆိုကာ စစ်သင်တန်းပေးခဲ့ခြင်းဖြစ်ပြီး ကိုယ်တိုင် ဆန္ဒပြုထားသူများကိုသာ စစ်သင် တန်းပေးခြင်းဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုခဲ့သည်။
သို့သော်လည်း လက်တွေ့တွင် ကျောင်းသား၊ ကျောင်းသူများကို မတက်မနေရဟုဆိုကာ ခြိမ်းခြောက် ဖိအားပေးကာ သင်တန်းတက်ရောက်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသားမိဘများထံက သိရသည်။
“အဆောင်နေ ကလေးတွေကို မိန်းကလေးတွေပါမကျန် မတက်မနေရဆိုပြီးခေါ်တာ။ မိန်းကလေး ဆိုတော့ အခုက အမျိုးသမီး စစ်မှုထမ်းတွေလည်းကောက်နေတယ်ဆိုပြီး မိဘတွေက စိုးရိမ်တော့ ပိုက်ဆံနဲ့ သွားညှိကျတယ်ပေါ့။ အဲ့တာ အခုစစ်သင်တန်းမတက်ရင် တကယ့်စစ်သင်တန်း ပို့လိုက်မယ် ဆိုပြီး ကျောင်းကပြောလိုက်တယ်” ဟု မော်လမြိုင်တက္ကသိုလ်မှနေ၍ စစ်သင်တန်း တက်ရသည့် ကျောင်းသူတစ်ဦး၏ မိသားစုနှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ယခုနှစ်အတွက် လေ့ကျင့်ရေးစစ်သင်တန်း ပေးမည့်တက္ကသိုလ်များမှာ တောင်ကြီး မြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ တောင်ငူမြို့နယ်ရှိ တက္ကသိုလ်တို့ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက တက္ကသိုလ်လေ့ကျင့်ရေးတပ်အတွက် ဖွင့်လှစ်လိုက်သည့် စစ် သင်တန်းများမှာ ပထမနှစ် အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ် အခြေခံစစ်ပညာသင်တန်း၊ ပထမနှစ် တန်းမြင့် စစ်ပညာသင်တန်း၊ ဒုတိယနှစ် တန်းမြင့်စစ်ပညာသင်တန်း တို့ဖြစ်ပြီး သင်တန်းတွင် သာမန်သင်တန်း နှင့် စခန်းချလေ့ ကျင့်ခြင်း တို့ကို သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ယခုအခါ စစ်အင်အားပြုန်းတီးမှုများစွာဖြစ်လာသည့် အတွက် စစ်မှုထမ်းရန်စစ်သား စုဆောင်းရာတွင် အမျိုးသားများသာမက အမျိုးသမီးများကိုပါ စတင်စာရင်းကောက်ယူလာသည့်အပြင် ယခုကဲ့သို့ တက္ကသိုလ်လေ့ကျင့်ရေးတပ်အမည်ခံကာ ကျောင်းသား၊ ကျောင်းသူများကိုပါ စစ်သင်တန်း ပေးခြင်းကို သေချာစွာ ကျယ်ကျယ်ပြန်ပြန့် ပြုလုပ်လာခြင်းဖြစ်သည်။
စစ်ကောင်စီ လေ့ကျင့်ရေးတပ်၏ ရည်မှန်းချက်တာဝန်သည် လက်ရှိအပျော်တမ်း တပ်ဖွဲ့ဝင်များဖြစ်သော တက္ကသိုလ်ကျောင်းသားများအား ၎င်းတို့၏ပညာသင်နှစ် ပြီးဆုံးသောအခါ အမြဲတမ်းတပ်မတော်သို့အရာရှိနှင့် အကြပ်အဆင့်များအဖြစ် ဝင်ရောက်အမှုထမ်းဆောင်နိုင်ရေး သင့်လျော်ကိုက်ညီသော စစ်ပညာသင်တန်းပေးရန်၊ ထိုသို့လေ့ကျင့်သင်ကြားပေးခြင်းအားဖြင့် အရေးကြုံလျှင် နိုင်ငံတော်ကာကွယ်ရေးတွင် ထမ်းဆောင်နိုင်ရန်အတွက် လေ့ကျင့်မှုရှိပြီး အရန်အင်အားစုတစ်ရပ်အဖြစ် စုဆောင်းထားရန်တို့ဖြစ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်ဆောင်းပါးများတွင် ဖော်ပြထားသည်။
ဓာတ်ပုံ – စစ်ကောင်စီ
#စစ်ကောင်စီ #တက္ကသိုလ်လေ့ကျင့်ရေးတပ် #စစ်သင်တန်းပေး #နွေရာသီစစ်သင်တန်း #ဖိအားပေး #Ayeyarwaddy_Times