
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဖေဖော်ဝါရီ ၉ ရက်)
အသက်အန္တရာယ်နီးကပ်တဲ့ အခြေအနေကို “ယောက်ျားဖောင်စီး မိန်းမမီးနေ” လို့ ဆိုရိုးပြုခဲ့ကြတာကြောင့် အမျိုးသမီးတွေအတွက် သားအိမ်ကျန်းမာရေးဟာ အရေးကြီးလှပါတယ်။ သားအိမ်အလုံးတည်ခြင်းဟာ အမျိုးသမီးတွေမှာ အတွေ့ရများတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့ သားအိမ်က တင်ပဆုံရိုးခွေအတွင်းမှာ တည်ရှိနေပြီး ဓမ္မတာရာသီသွေးပေါ်ခြင်း အတွက် အရေးအပါဆုံး ဖြစ်တဲ့ လှိုဏ်ခေါင်း ပုံသဏ္ဌာန် သားအိမ်ဟာ မျိုးပွားအင်္ဂါအစိတ်အပိုင်းမှာ ပါဝင်နေပါတယ်။ အမျိုးသမီးတွေဟာ လစဉ်တိုင်းမှာ သားအိမ်အတွင်း အလွှာတစ်ခုလုံး ပြိုပြီး ဓမ္မတာသွေးအဖြစ် မိန်းမကိုယ်မှ ကျဆင်းလာပါတယ်။
လိင်မှုကိစ္စဖြစ်ပြီးလို့ သန္ဓေအောင်သွားတဲ့အခါမှာတော့ သားအိမ်အတွင်းလွှာဟာ ပြိုကျပျက်စီးခြင်း မရှိဘဲ သားအိမ်အသားလွှာ ကြွက်သားထုဖွံ့ဖြိုးလာပြီး သန္ဓေသား ရက်သတ္တပတ် ၄၀ ခိုအောင်းနေထိုင်ကြီးထွားရာ ဝမ်းကြာတိုက်ဖြစ်လာပါတော့တယ်။
#သားအိမ်အသားပိုလုံး (မိုင်ရိုမား-Myoma)
သားအိမ်အသားလုံးဆိုတာ သားအိမ်ကြွက်သားမှာဖြစ်တဲ့ ကင်ဆာမဟုတ်သော ရောဂါတစ်ခု ဖြစ်ပါတယ်။ သားအိမ်မှာ အလုံးရှိတဲ့သူ အများစုမှာ ထူးထူးခြားခြားရောဂါလက္ခဏာမပြဘဲလည်း ရှိတတ်သလို တချို့မှာတော့ ဓမ္မတာများခြင်း၊ ဓမ္မတာပေါ်စဉ်နာကျင်ခြင်းတွေ ခံစားရပါတယ်။
သားအိမ်အသားလုံး အမျိုးအစားကို တည်နေရာအရွယ်အစား ခံစားရတဲ့လက္ခဏာတွေ အပေါ်လိုက်ပြီး အမျိုးအစားခွဲခြားပါတယ်။ သားအိမ်အတွင်းနံရံကနေ သားအိမ်လှိုဏ်ထဲကို တိုးထွက်လာတဲ့ အသားပိုအလုံးအမျိုးအစား (Intramural Myoma) ဟာ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။
သားအိမ်ကနေ အပြင်ဘက်မျက်နှာပြင်ကို ထိုးထွက်ကြီးမားလာတဲ့ (Subserosal Myoma) သားအိမ်အသားပိုလုံးတွေကိုလည်း တွေ့ရတတ်ပြီး နံဘေးနားရှိ ကိုယ်အင်္ဂါများကို တွန်းဖိတတ်ပါတယ်။
သားအိမ်ကြွက်သားအလွှာအတွင်းဖြစ်လာတဲ့ သားအိမ်အသားပိုလုံး (Submucosal Myoma) ကတော့ လှိုဏ်ခေါင်းအတွင်းကို ဦးတည်ပြီး အရွယ်အစားက တဖြည်းဖြည်းကြီးလာပါတယ်။
ဘူးသီးလိုမျိုး အညှာသိမ်ပြီး သားအိမ်လှိုဏ်အတွင်းဖြစ်လာတဲ့ သားအိမ်အသားပိုလုံး (Pedunculated Myoma) အမျိုးအစားတွေကိုလည်းတွေ့နိုင်ပြီး အချို့သောသားအိမ်အသားပိုလုံးတွေကတော့ (Cervical Myoma) သားအိမ်ခေါင်း အနီးတစ်ဝိုက်မှာ ဖြစ်ပေါ်လာတတ်ကြပါသေးတယ်။
တစ်ခါတလေမှာတော့ ထူးထူးခြားခြားအမျိုးအစားနှစ်မျိုးသုံးမျိုး ပေါင်းစပ်ဖြစ်ပေါ်နေတာလည်း ကြုံရတတ်ပါတယ်။
သားအိမ်အသားပို အလုံးသယ်ဆောင်ထားရသူ အမျိုးသမီးတွေဟာ ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲခြင်း၊ ဓမ္မတာများခြင်း ၊ ရက်ရှည်ကြာဓမ္မတာလာခြင်း၊ သန္ဓေအောင်မြင်တဲ့ ကိုယ်ဝန်ရနိုင်စွမ်းနည်းပါးခြင်း၊ သားပျက်သားလျှောဖြစ်ခြင်း၊ သွေးအားနည်းလာခြင်း၊ ဆီးပြဿနာ ကြုံရခြင်းတွေဖြစ်တတ်ပါတယ်။
တစ်ခါတလေမှာတော့ ကိုယ်ဝန်ဆောင်စဉ်အချိန်မှာ သားအိမ်အသားပိုအလုံး သေးငယ်ကျုံ့ဝင်သွားခြင်းမျိုးကိုလည်း ကြုံရတတ်ပါတယ်။
အမေ၊ အစ်မ၊ အဒေါ်စသည်ဖြင့် မျိုးရိုးရှိသူတွေမှာ သားအိမ်အသားပိုလုံး ပိုဖြစ်နိုင်ပြီး မျိုးဆက်ပွား အသက်အရွယ်အပိုင်း အခြားမှာ အဖြစ်များတာကြောင့် အသက် ၃၀ အရွယ်အမျိုးသမီးလေးကနေ အသက်၆၀အရွယ် အမျိုးသမီးများအထိသားအိမ်အလုံးကို ရှာဖွေတွေ့ရှိနေရတတ်ပါတယ်။
သားအိမ်အလုံးကို ခန္ဓာကိုယ်ဖွံ့ဖွံ့ ဖောင်းဖောင်း ဝဝပြည့်ပြည့်ပျိုမေတွေမှာ ပိုတွေ့ရပြီး ပျိုပေါ်ဝင် ချိန်စောတဲ့ မိန်းကလေးတွေမှာလည်း ဖြစ်နိုင်ခြေများပါတယ်။
အသီးအနှံ ဟင်းသီးဟင်းရွက်အစားနည်းပြီး အနီရောင်အသားတွေကိုများများစားတဲ့ ပျိုမေတွေမှာလည်း သားအိမ်လုံး အဖြစ်များသလို ဘီယာ၊ အရက်၊ ကော်ဖီ သောက်တတ်သူမိန်းကလေးတွေမှာလည်း ပိုပြီးဖြစ်တတ်တယ်လို့ လေ့လာမှုမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
သားအိမ်လုံး ရှိ/မရှိကို ဆရာဝန်က စမ်းသပ်ကြည့်ပြီး လိုအပ်ပါက တယ်လီဗေးရှင်းဓာတ်မှန် (Ultrasound)ဖြင့် ရောဂါရှာဖွေခြင်းကို အလွယ်တကူပြုလုပ်နိုင်သလို အခြားလိုအပ်တဲ့ ဓာတ်ခွဲစစ်ဆေးမှုတွေကိုလည်း ပြုလုပ်ရပါတယ်။
သားအိမ်အသားပိုအလုံး ကုသမှုအနေနဲ့ရောဂါလက္ခဏာများပေါ်မူတည်ပြီး ဆေးဝါးကုသပေးရပါတယ်။
ဓမ္မတာလာစဉ် နာခြင်းကိုက်ခဲခြင်းအတွက် အကိုက်ခဲပျောက်ဆေးဝါး (ibuprofen , mefenamic acid)တို့နဲ့ ကုသပေးရပြီး ဓမ္မတာများခြင်းအတွက် ဆရာဝန်က ညွှန်ကြားတဲ့ ( progestogen) ဟော်မုန်း ဆေးဝါးတွေနဲ့ ကုသရပါတယ်။
သားအိမ်အသားလုံး အရွယ်အစားသေးငယ်သွားရန် နှင့် သွေးဆင်းခြင်းလျော့နည်းစေဖို့အတွက် နောက်ဆုံး ပေါ်ဆေးဝါးတွေနဲ့(SPRMs -asoprisnil, ulipristal, telapristone ) ကုသနိုင်သလို ခွဲစိတ်ပြီးတော့လည်း ကုသနိုင်ပါတယ်။
သားအိမ်အသားပိုလုံးကိုသာ ခွဲစိတ်ဖယ်ထုတ်ခြင်း၊ သားအိမ်တစ်ခုလုံး ခွဲစိတ်ဖယ်ထုတ်ခြင်း၊ သားအိမ်အတွင်းသားနံရံအလွှာကိုခြစ်ခြင်းစတဲ့ နည်းလမ်းတွေနဲ့လည်း ကုသကြသလို သားအိမ် သွေးကြောကိုပိတ်ဆို့ခြင်း ( Uterine artery embolization -UFE) နည်းလမ်းဖြင့် ကုသမှုများအပြင် အသံလှိုင်းပစ်ကုသခြင်း (High-intensity focused ultrasound ) တွေလည်း ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။
အမျိုးသမီးများ ဆီးခုံ၊ ဆီးစပ်မှာ အလုံးစမ်းမိပြီဆိုပါက ထိတ်လန့်စရာမလိုဘဲ ဆရာဝန်နဲ့ ပြသ တိုင်ပင်ပါ၊ ရောဂါရှာဖွေကုသပါလို့ အကြံပေးလိုပါတယ်။
နောက်တစ်ပတ်မှာတော့ တုပ်ကွေးကာကွယ်ဆေး အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းမ် သတင်းမီဒီယာကို စောင့်ကြည့်ဖတ်ရှုနေတဲ့ အမျိုးသမီးများလည်း ကျန်းမာရေးအသိကြွယ် ကြပြီး ကျန်းမာသာယာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။
#သားအိမ်အလုံးတည်ခြင်း #ဘာကြောင့်ဖြစ်တာလဲ #အမျိုးသမီးနှင့်အလှအပရေးရာ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times