
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင်က မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို ကူညီဆောင်ရွက်ပေးရန်နှင့် ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲကိစ္စရပ်အကြောင်း အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု ခေါင်းဆောင် ငြိမ်းချမ်းရေးသံတမန် ဂုရုကြီးနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံကို ရောက်ရှိနေသည့် ငြိမ်းချမ်းရေး သံတမန် ဂုရုကြီး ရှရီရှရီ ရာဗီရှန်ကာ (Gurudev Sri Sri Ravi Shankar)ကို ယမန်နေ့ ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာအရ သိရသည်။
ထိုသို့တွေ့ဆုံရာတွင် အိန္ဒိယဂုရုကြီးအနေဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံများ၌ ငြိမ်းချမ်းရေးရရှိရန်အတွက် ကြားဝင်စေ့စပ် ကူညီဆောင်ရွက်ပေးမှု၊ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ကူညီဆောင်ရွက် ပေး နိုင်မှုနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းအပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့သဖြင့် ၎င်းတို့အနေဖြင့် နိုင်ငံတာဝန်ကို ထမ်းဆောင်ခဲ့ရပြီး နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် အကြမ်းဖက်လုပ်ရပ်များ ပေါ်ပေါက် လာသည်ဟုလည်း စစ်ခေါင်းဆောင်က လိမ်လည် ပြောဆိုခဲ့ကြောင်း သိရသည်။
အိန္ဒိယဂုရုကြီးအနေဖြင့် ယခုကဲ့သို့ လာရောက်ခြင်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် သာယာဝ ပြောရေးအတွက် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးနိုင်ရန်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှု အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့သည်။
အလားတူ စစ်ကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီး၊ ငြိမ်းချမ်ရေးအဖွဲ့ (NSPNC)ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်သည်လည်း အိန္ဒိယဂုရုကြီး ရှရီရှရီ ရာဗီရှန်ကာနှင့် သီးခြားတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးကိစ္စ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အိန္ဒိယဂုရုကြီး ရှရီရှရီ ရာဗီရှန်ကာသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ရွှေတိဂုံဘုရား၊ မာရဝိဇယ ဘုရားနှင့် နေပြည်တော်ရှိ အထင်ကနေရာများကို သွားရောက်ဖူးမြော် ကြည့်ရှုလေ့လာခဲ့သလို စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ – စစ်ခေါင်းဆောင်နှင့် အိန္ဒိယဂုရုကြီး တွေ့ဆုံမှု
#စစ်ခေါင်းဆောင် #နိုင်ငံတည်ငြိမ်အေးချမ်းရေး #ကူညီဆောင်ရွက် #အိန္ဒိယဂုရုကြီး #ဆွေးနွေး #Ayeyarwaddy_Times