
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD)မှ နုတ်ထွက်၍ တော်လှန်ရေး အတွင်း ကျရာတာဝန်များ ဆက်လုပ်သွားမည်ဖြစ်ကြောင်း MoD အတွင်းဝန် ဦးနိုင်ထူးအောင်က တရားဝင် ထုတ်ဖော်ကြေညာခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန (MoD) အတွင်းဝန် ဦးနိုင်ထူးအောင်သည် ထိုရာထူးမှ နုတ်ထွက်လိုက်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်၊ နံနက်အစောပိုင်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ (Facebook အကောင့်)မှတစ်ဆင့် အားလုံးသိရှိနိုင်ရန် ရေးသားဖော်ပြထားသည်။
“MoD နှင့် စပ်လျဥ်းသော တာဝန်များ အားလုံးမှ အနားယူလိုက်ပြီ ဖြစ်ပါသည်။ တော်လှန်ရေးမှ လုံးဝ အနားမယူပါ။ ကျရာတာဝန်အား ဆက်လက်တာဝန်ယူသွားမည် ဖြစ်ပါသည်” ဟု MoD အတွင်းဝန် ဦးနိုင်ထူးအောင်က ရေးသားပြောဆိုသည်။
ထို့အပြင် တာဝန်ယူခဲ့စဥ်က ဆောင်ရွက်ခဲ့မှုများအတွက် အပြည့်အဝ လိပ်ပြာလုံသလို ယင်းကိစ္စရပ်များ အတွက် တစ်ခုမကျန် တာဝန်ခံသည်ဟုလည်း ၎င်း၏ ရေးသားမှုအရ သိရှိရပြီး မည်သည့်အတွက် ကြောင့် နှုတ်ထွက်သည်ကိုမူ သိရှိရခြင်းမရှိသလိုကာဝန်ရေး ဝန်ကြီးဌာန အနေဖြင့်လည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပေ။
အဆိုပါ နှုတ်ထွက်မှုနှင့် ပတ်သက်၍ သိရှိနိုင်ရန် MoD အတွင်းဝန် ဦးနိုင်ထူးအောင်နှင့် NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်တို့ကို ဧရာဝတီတိုင်းမ် သတင်းဌာနက ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး ဖြေကြားလာပါက ပြန်လည်ဖော်ပြပေးပါ့မည်။
ထိုအတူ NUG အစိုးရကလည်း လက်ရှိအချိန်ထိ အသိပေး ထုတ်ပြန်လာခြင်း မရှိသေး၍ တော်လှန်ရေး အင်အားစုများနှင့် ပြည်သူလူထုအကြား စိတ်ဝင်စားမှု မြင့်တက်ကာ သုံးသပ်မှုများ ထွက်ပေါ်လျက် ရှိသည်။
ဓာတ်ပုံ/ပုံစာ- ဦးနိုင်ထူးအောင်
#NUG #ကာကွယ်ရေးဝန်ကြီးဌာန #နှုတ်ထွက် #တော်လှန်ရေးဆက်လုပ် #အတွင်းဝန် #Ayeyarwaddy_Times