ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်းမှ တိုင်းဗဟို (၅) လေ့ကျင့်ရေးတပ် မှ တပ်ကြပ်သိန်းထွန်း AA ၏ စနိုက်ပါထိမှန်ပြီး ပုသိမ်တွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်း သိရသည်။

လေ့ကျင့်ရေးတပ်မှ တပ်ကြပ်သိန်းထွန်းသည် ပြီးခဲ့သည့်ရက်ပိုင်း ဖေဖော်ဝါရီ ၇ ရက်‌နေ့က သာပေါင်းမြို့နယ် ရှေ့တန်း၌ အာရက္ခတပ်တော် (AA) ၏ စနိုက်ဘာထိမှန်၍ ပုသိမ် အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)ရှိ စစ်ဆေးရုံ မဆရ(၄) အတွင်း ပို့ဆောင်ခဲပြီးနောက် စိုးရိမ်ရ၍ ပုသိမ်ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနေစဥ် သေဆုံးသွားကြောင်း သိရသည်။

“လေ့ကျင့်ရေးတပ်က အင်အားတွေကိုပါ ထုတ်နုတ် ပို့ ဆောင်နေရတာကို ပိုပြီးသိသာပေါ်လွင်သွားတာ။ စနိုက်ပါ နှစ်ချက်မှန်ပြီး အခုက အရေးပေါ်အခြေ အနေနဲ့ တင်ထားရတာ။ ကျောကို နှစ်ချက်ထိတာ သေသွားပါပြီ”ဟု ဧရာဝတီတိုင်းမ်၏ သတင်းရင်းမြစ်က ပြောသည်။

တပ်ကြပ်သိန်းထွန်းသည် တိုင်းဗဟို (၅) လေ့ကျင့်ရေးတပ်တွင် တာဝန်ကျနေရာမှ သာပေါင်းမြို့နယ် တိုက်ပွဲအတွင်း ပို့ဆောင်ခံရပြီး AA ကပစ်ခတ်သည့် စနိုက်ဘာ နှစ်ချက် ကျောကိုထိမှန်ကာ ပုသိမ်ဆေးရုံတွင် အရေးပေါ်ကုသနေစဥ် သေဆုံးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့ကလည်း သာပေါင်း မြို့နယ် သစ်ဖြူကျေးရွာတပ်စခန်းသို့ ရိက္ခာသွားပို့ သည့် သာပေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ဦးသည် AA က ပစ်ခတ်သည့် စနိုက်ပါ ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သာပေါင်းမြို့နယ်ရှိ ကျေးရွာလေးခုထက်မနည်းတွင် AA နှင့်စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားနေပြီး ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို ကြက်သွန်ကွင်းနှင့် ပုသိမ်နတခ သို့ နေ့စဉ် ပို့ဆောင်နေရကြောင်း သိရသည်။

#ဧရာဝတီတိုင်း #သာပေါင်း #တိုက်ပွဲ #လေ့ကျင့်ရေးတပ် #တိုင်းဗဟို၅ #တပ်ကြပ် #စနိုက်ဘာထိမှန် #သေဆုံး #Ayeyarwaddy_Times