ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်

ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း ဖမ်းဆီးရရှိထားသည့် စစ်သုံ့ပန်းအပါအဝင် ၎င်းတို့၏ မိသားစုဝင်များနှင့် အကျဉ်းသား စုစုပေါင်း ၁၄၂ ဦးကို အာရက္ခတပ်တော် (AA) ကပြန်လွှတ် ပေးလိုက်ကြောင်း သိရသည်။

စစ်သုံ့ပန်းနှင့် တပ်မိသားစုဝင် ၁၁၆ ဦး၊ အကျဉ်း သား ၂၆ ဦးတို့ကို AA ကပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျန်းမာရေးမကောင်းတဲ့လူတွေကို အဓိကလွှတ် ပေးနေတယ်။ နောက်ထပ်လွှတ်ပေးဖို့လည်းရှိတယ်လို့ပြောပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်သုံ့ပန်း ၁၁၆ ဦးတွင် အမျိုးသား ၄၀ ဦးနှင့် အမျိုးသမီး ၇၆ ဦးတို့ပါဝင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် အကျဉ်းသား ၂၆ ဦးမှာ အမျိုးသားများဖြစ်ကြောင်း သိရသည်။

လွှတ်ပေးလိုက်သည့် စစ်သုံ့ပန်းနှင့် အကျဉ်းသားများမှာ စစ်ကောင်စီ ထိန်းချုပ်ဒေသမှ မဟုတ်ဘဲ လုံခြုံရေးအရ လွှတ်ပေးသင့်သည့်သူများကို လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

AA သည် ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သုံ့ပန်း ထောင်ချီ ဖမ်းဆီးရရှိထားပြီး နောက်ထပ် လွှတ်ပေးရန် အစီအစဉ်များလည်း ရှိနေသေးကြောင်း သိရသည်။

စစ်ကောင်စီထိန်းချုပ်နယ်မြေမဟုတ်သည့် နေရာမှ စစ်သုံ့ ပန်းများကိုသာ ရွေး၍လွှတ်ပေးရခြင်းမှာ လုံခြုံရေးနှင့် လေကြောင်းအန္တရာယ်တို့ကြောင့် ရွေးချယ် လွှတ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် AA က ရခိုင်ပြည်နယ်နှင့်ဆက်စပ်နေသည့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့တွင် တိုက်ပွဲများဖော်ဆောင်ထားပြီး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်နိုင်ရန် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့သာ ကျန်ရှိတော့ပြီး လတ်တလောတွင် စစ်တွေမြို့ရှိ စစ်ကောင်စီ စခန်းများကို AA က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်တိုက်ခိုက်နေကြောင်း သိရသည်။

ဓါတ်ပုံ- APM

ပုံစာ- စစ်သုံ့ပန်းနှင့်အကျဥ်းသားများပြန်လွှတ်ပေးသည့်အခမ်းအနား

#ဖမ်းမိ #စစ်ကောင်စီ #စစ်သုံ့ပန်း #တပ်မိသားစု #AA #ပြန်လွှတ်ပေး #Ayeyarwaddy_Times