ဆောမြို့ပေါ်ရှိ ကုန်သည်တစ်ဦးနေအိမ်ကို လူတစ်စုက သေနတ်ဖြင့်ဝင်ပစ်၊ ၁၃ နှစ်အရွယ် ကလေးငယ်အပါအဝင် လူ ၆ ဦး ပွဲချင်းပြီးသေဆုံး

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၂ ရက်

မကွေးတိုင်း၊ ဆောမြို့ပေါ်ရှိ ကုန်သည် ဦးခင်မောင်လင်းနေအိမ်သို့ သြဂုတ်လ ၂၁ ရက် ညပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် အိမ်ရှင်

ဦးတင်မောင်လင်း၊ မြေးဖြစ်သူ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် လူ ၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၂၁ ရက်ညပိုင်းက ဆောမြို့၊ ဇေယျာရပ်ကွက်ရှိ ဦးခင်မောင်လင်းတို့မိသားစုမှာ နေအိမ်တွင် ဘောလုံးပွဲကြည့်နေစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခု ဝင်ရောက်လာပြီး

သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် အိမ်ရှင် ဦးတင်မောင်လင်းအပါအဝင် မိသားစုဝင် ၄ ဦးနှင့် ဘောလုံးပွဲလာရောက်ကြည့်ရှုသူ အမျိုးသား ၂ ဦးပါ သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ည ၈ နာရီလောက်မှာ သေနတ်သံတွေ ကြားရတယ်။ အဲဒါနဲ့ အိမ်အောက်မှာ ဝင်ပုန်းနေကြတာ။ မနက်မိုးလင်းတော့ သူငယ်ချင်းတွေက နာရေးကူညီဖို့လာခေါ်ကြတယ်။

အဲဒီအိမ်ရောက်တော့ အလောင်း ၆ လောင်း တွေ့ရတယ်”ဟု အမည်မဖော်လိုသည့် ဆောမြို့၊ ဇေယျာရပ်ကွက်မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အမည်မသိ လက်နက်ကိုင်အဖွဲ့၏ပစ်ခတ်မှုကြောင့် သေဆုံးသူများမှာ အိမ်ရှင် ဦးခင်မောင်လင်း၊ ဇနီးဖြစ်သူ ဒေါ်ယဉ်ငွေ၊ ချွေးမဖြစ်သူ ဒေါ်ခင်မာသက်၊ အသက် ၁၃ နှစ်အရွယ်

ဒေါ်ခင်မာသက်၏သမီးနှင့် ၎င်းနေအိမ်သို့ ဘောလုံးပွဲလာရောက်ကြည့်ရှုသူ ဦးအောင်သိန်းဝင်းနှင့် ဦးဇော်ဌေးတို့ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ကုန်သည် ဦးခင်မောင်လင်းတို့မိသားစု အသတ်ခံရပြီးနောက် နေအိမ်ရှိ မော်တော်ကား ၂ စီးနှင့် ငွေကြေးများကို သေနတ်သမားများက ယူဆောင်သွားသည်ဟု ဒေသခံများက

ပြောဆိုသော်လည်း ဧရာဝတီတိုင်းမ် သတင်းဌာနက အတည်ပြုနိုင်ခြင်း မရှိပါ။

ဦးခင်မောင်လင်းမှာ ဆောမြို့တွင် စစ်ကောင်စီနှင့်ပတ်သတ်၍ စီးပွားရေးလုပ်ငန်းတချို့ လုပ်ကိုင်နေသူဖြစ်ပြီး စစ်တပ်၏သတင်းပေး ဒလန်အဖြစ် နာမည်ထွက်ခြင်းမရှိကြောင်း

မြို့ခံများက ပြောသည်။

“သူက မြို့မှာ ဒလန်လို့တော့ သတင်းမထွက်ဘူးဗျ။ ဒါပေမယ့် သူ့စီးပွားရေးအရ စစ်ကောင်စီနဲ့ ပတ်သတ်တာတော့ ရှိတယ်။ သူက ဆောမြို့မှာတော့ လူသိများတဲ့

စီးပွားရေးသမားတယောက်ပါ။ သူက ဒလန်လုပ်လို့ သတ်တယ်ဆိုပြီး သတင်းထွက်နေတယ်”ဟု ဆောမြို့ခံ အဖွဲ့အစည်းတစ်ခုမှ အသင်းဝင်တစ်ဦးက ပြောသည်။

ကုန်သည် ဦးခင်မောင်လင်းမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ခေါင်းဆောင်ဖြစ်သည့်အတွက် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF – ဆော) က

ရှင်းလင်းသုတ်သင်လိုက်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ ဧရာဝတီတိုင်းမ်သတင်းဌာနက YDF ထံ ဆက်သွယ်မေးမြန်းခဲ့ရာ “YDF ဗဟိုကနေ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ အားလုံးကို

စုံစမ်းစစ်ဆေးပြီးရင် သတင်းထုတ်ပြန်သွားပါမယ်”ဟု ပြန်လည်ဖြေကြားသည်။

ဦးခင်မောင်လင်းနေအိမ်ကို သေနတ်သမားများက ဝင်ရောက်ပစ်ခတ်စဉ် လူ ၆ ဦးသေဆုံးခဲ့သလို အခြားသူ ၁ ဦးမှာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မကွေးမြို့ရှိ ဆေးရုံကြီးတွင်

အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း သိရသည်။

“ဦးခင်မောင်လင်းအိမ် သေနတ်နဲ့အပစ်ခံရတာ ၆ ဦးသေတယ်။ ဦးခင်မောင်လင်း မိသားစုဝင်ထဲက ၃ ဦးတော့ မသေဘဲကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့ ၃ ယောက်ထဲမှာ ဦးခင်မောင်လင်းချွေးမ

ဒေါ်ခင်မာသက်ရဲ့ နို့စို့ကလေးလည်း မသေဘဲ ကျန်ရစ်ခဲ့တယ်”ဟု ဆောမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ဦးခင်မောင်လင်းနေအိမ်၌ သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ပြီးနောက် ဆောမြို့အတွင်း နေရာယူ တပ်စွဲထားသော စစ်ကောင်စီတပ်များထံမှ လက်နက်ကြီးပစ်ခတ်သံများ

ကြားရကြောင်း မြို့ခံများက ပြောသည်။

#ဆော #YDF #Ayeyarwaddy_Times