
CDM ဝန်ထမ်း ၄သိန်း ကျော်ရှိနေပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ရာတွင် အရေးကြီးသည့် လှုပ်ရှားမှုတစ်ခုအဖြစ် ဆက်လက် ရပ်တည်နေ
ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်
အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှား(Civil Disobedience Movment -CDM) တွင် ပါဝင်ခဲ့ကြသည့် နိုင်ငံဝန်ထမ်း သူရဲကောင်းများကို ဂုဏ်ပြုသည့် အထိမ်းအမှတ် လေးနှစ် ပြည့်အခမ်းအနားကို ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်နေ့က ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တော်လှန်ရေးအောင်မြင်မှုရအောင် ဝိုင်းဝန်းကြိုးစားသည့်နေရာတွင် CDM လှုပ်ရှားမှု၌ ပါဝင်သည့် ပြည်သူ့ဘက်တော်သားများ၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုသည် ကြီးမားသော အခန်းကဏ္ဍတွင် ပါဝင်နေပြီး CDM တွင် ပါဝင်သူအားလုံးကို အပြည့်အ၀ မကူညီနိုင်ခဲ့သည်များရှိကြောင်း ဝန်ခံ ပြောကြားခဲ့သည်။
“ဒီနေ့ပြုလုပ်တဲ့ CDM လေးနှစ်ပြည့်အခမ်းအနားကနေ ပွင့်လင်းစွာ မေတ္တာ ရပ်ခံလိုတာ ရှိပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရဟာ တော်လှန်ရေးအစိုးရ တစ်ရပ်ဖြစ်တာကြောင့် တော်လှန်ရေးကို တော်လှန်ရေးနဲ့ တူအောင် လုပ်ဆောင် ကြရတာ ရှိပါတယ်။ အရေးကြီးတာ၊ အရေးပေါ်ဖြစ်တာတွေကို ဦးစားပေးလုပ်ဆောင်ရတာ ရှိပါတယ်။ ခုခံတော်လှန်ရေးကိစ္စမှာ အရေးပေါ် လုပ်ဆောင်ရတာရှိပါတယ်။ ဒါကြောင့် CDM လှုပ်ရှာမှု ပါဝင်သူ အားလုံးကို လိုလေသေးမရှိ အပြည့်အ၀ မကူညီနိုင်ခဲ့တာတွေ ရှိတယ်ဆိုတာကို ဝန်ခံပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ အစိုးရတစ်ဖွဲ့လုံး ကိုယ့်ကိုယ်ကို အားမလို အားမရဖြစ်တာ ရှိခဲ့ပါတယ်” ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလက ပြောသည်။
ထို့ပြင် NUG ယာယီသမ္မတက လေးနှစ်တိုင်တိုင် မလျှော့သော ဇွဲလုံ့လ မဆုတ် မနစ်သော ကြိုးစား အားထုတ်မှုများနှင့် တိုက်ပွဲဝင်နေသည့် CDM သူရဲကောင်း အားလုံးကို ဂုဏ်ပြုဦးညွှတ်ကြောင်း ပြောကြားခဲ့သည်။
“CDM မှာ ဇွဲနပန်းသန်သန် ပါဝင်ခဲ့သူတွေဟာ ကျွန်တော်တို့ အစိုးရကို အားမလို အားမရဖြစ်တာ ရှိကောင်းရှိပါလိမ့်မယ်လို့ ယူပါတယ်။ ဆင်ခြေပေးနေတာ မဟုတ်သလို မျက်နှာလွှဲခဲပစ်လုပ်နေတာ မဟုတ်ပါဘူး။ CDM ဝန်ထမ်းတွေကို အပြည်အ၀ မကူညီပေးနိုင်တာကို နားလည်ပေးနိုင်ဖို့ မေတ္တာရပ်ခံ ပြောကြားလိုပါတယ်။ လေးနှစ်တိုင်တိုင် မလျှော့သော ဇွဲလုံ့လ မဆုတ်မနစ်သော ကြိုးစားအား ထုတ်မှုတွေနဲ့ တိုက်ပွဲဝင်နေကြတဲ့ CDM သူရဲကောင်း အားလုံးကို ဂုဏ်ပြုဦးကြောင်း ပြောကြား လိုပါတယ်” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။
လက်ရှိတွင် CDM အင်အား လေးသိန်းကျော် ရှိနေပြီး CDMများသည် တော် လှန်ရေးကဏ္ဍအသီးသီးတွင် တက်ကြွစွာပါဝင်နေဆဲ ဖြစ်ကြောင်း NUG ၏ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဇော်ဝေစိုးထံက သိရသည်။
“CDM လေးသိန်းကျော်ရှိ နေသေးတာဖြစ်ပါတယ်။ တချို့က ပေါ်ပေါ်ထင်ထင် ရှိသလို တချို့က ပုန်းရှောင်နေကြရတာ ဖြစ်ပါတယ်။ နေရာအသီးသီးမှာ ရှိနေတာဖြစ်ပါတယ်။ လေးနှစ်ပြည့်တဲ့အထိ လစာ တပြားတချပ်မှ မယူဘဲ ဒီနေ့အထိတော်လှန်ရေးမှာ အသက်၊ သွေး၊ ချွေးနဲ့ ဘဝတင်တင်သာမက သူတို့မိသားစုတွေနဲ့ အတူတူအာဏာရှင်ကို တော်လှန်နေကြတာ ဖြစ်ပါတယ်” ဟု ဒေါက်တာဇော်ဝေစိုး က CDM လေးနှစ်ပြည့် အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီး နောက်ပိုင်း ပညာရေး၊ ကျန်းမာရေး ကဏ္ဍတို့မှ ပြည်သူ့ဝန်ထမ်းများအပါအဝင် အစိုးရဌာန အသီးသီးလက်အောက်တွင် တာဝန်ထမ်းဆောင် နေသည့် ပြည်သူ့ဝန်ထမ်းများသည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movment -CDM) ကို ပြုလုပ်ခဲ့သည်မှာ ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် လေး နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်သည်။
လက်ရှိတွင် CDM ဝန်ထမ်းများသည် စစ်ကောင်စီ၏ဖိအားပေးမှုကြောင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်ရန် အခက်အခဲ၊ စစ်ကောင်စီ၏ဖမ်းဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်ရမှုအခက်အခဲများနှင့် ရင်ဆိုင်နေရသော်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်ရာတွင် အရေးကြီးသည့် လှုပ်ရှားမှုတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။
ဓာတ်ပုံ-လှုမှုကွန်ရက်
#CDMလှုပ်ရှားမှု #လေးနှစ်ပြည့် #ပြည်သူ့ဘက်တော်သား #ကိုယ်ကျိုးစွန့်အနစ်နာခံမှု #ကြီးမားတဲ့ အခန်းကဏ္ဍ #ဒူဝါလရှီး #လေးသိန်း #Ayeyarwaddy_Times