ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်

ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဖေဖော်ဝါရီလ ပထမပါတ်အတွင်း လောင်းကစားဝိုင်းဖမ်းဆီးရတွင် သိမ်းဆည်းရမိသည့်ဆိုင်ကယ်များကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ငွေဖြင့်ပြန်ရွေးခိုင်းကြောင်း ဒေသခံများထံက သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ် ၊ဝဲဒေါင်ကျေးရွာအုပ်စု၊ ပတီးရိုးကျေးရွာတွင် ပြုလုပ်နေသော လောင်းကစားဝိုင်းကို ကျိုက်ပိနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့၀င်များက ၀င်ရောက်ဖမ်းဆီးခဲ့ရာမှ ဆိုင်ကယ် ၁၃ စီး သိမ်းဆည်းရမိရာမှ ယခုကဲ့သို့ငွေဖြင့်ပြန်လည်ရွေးခိုင်းခြင်းဖြစ်ကြောင်း သိရသည်။

” တစ်စီးနှစ်သိန်းနဲ့ ပြန်ရွှေးခိုင်းတာ လောင်းကစားသမားတွေက လိုင်းကြေးပေးပြီးလုပ်တာကို ဖမ်းပြီးခုလိုငွေညှစ်လို့ မကျေနပ်ကြဘူး။ နေရာတိုင်းမှာရဲနဲ့စစ်တပ်ကလုပ်စားနေတာ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း ပုသိမ်မြို့ နောင်ရိုးဟိုတယ်တွင်ပြုလုပ်နေသောလောင်းကစားဝိုင်းကို နယ်မြေရဲစခန်းမှ ၀င်ရောက်ဖမ်းဆီးပြီး လောင်းကစားငွေများအပါအ၀င် ကျပ်သိန်း၄၀၀ နီးပါး တောင်းယူကာ ပြန်လည်လွှတ်ပေးသည့် ဖြစ်စဉ်အတွက် ရဲဌာနချုပ်မှလာရောက်စစ်ဆေးနေသည်။

ဧရာ၀တီတိုင်းအတွင်းရှိမြို့နယ်များတွင်တိုင်း၊ ခရိုင်၊ မြို့နယ်၊ရဲတပ်ဖွဲ့များ၊ SB(သတင်းတပ်ဖွဲ့)၊စရဖ၊ စစ်ကောင်စီ တပ်တို့ကို လိုင်းကြေးများပေးပြီး ဟိုတယ်၊ တိုက်ခန်း၊ နေအိမ်နှင့်ကျေးရွာများတွင်နေရာဌားရမ်းကာ ဂျင်ဝိုင်း၊ ဖဲဝိုင်းများ ပြုလုပ်သည့်အပြင် နှစ်လုံး၊ သုံးလုံးဒိုင်များလည်း ရပ်ကွက်အတွင်းရောင်းချနေကြောင်း သိရသည်။

#မော်လမြိုင်ကျွန်း #လောင်းကစားဝိုင်း #ဖမ်းဆီးရမိ #ဆိုင်ကယ်များ #ငွေဖြင့်ပြန်ရွေးခိုင်း