(တီးတိန်)၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ငါလ်ဘွယ်ကျေးရွာတွင် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးရိုက်နှက်၍ ဒေသခံ အရပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း ဖြစ်စဥ်သိရှိသူ ဒေသခံတစ်ဦးထံက သိရသည်။

သေဆုံးသူသည် ငါလ်ဘွယ်ကျေးရွာမှ ဦးကမ်းလျန်ထန်းနှင့် ၎င်း၏ ယောက်ဖဖြစ်သူ ဦးဒါလ်မွမ်းကိမ်းတို့ဖြစ်သည်။

ဖေဖော်ဝါရီ ၅ ရက်နေ့၊ ည ၉ နာရီဝန်းကျင်တွင် ဦးကမ်းလျန်ထန်းသည် ဦးဒါလ်မွမ်းကိမ်း၏ နေအိမ်သို့ အလည်သွားရာမှ အပြန်လမ်းတွင် ZRA တပ်ဖွဲ့ဝင်များ၏ သတိလစ်မေ့မျောပါးသည့်အထိ ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ထံက သိရသည်။

“ညဘက်မှာ ယောက်ဖဆီသွားလည်ရင်း အပြန်မှာ ZRA အဖွဲ့ဝင်တွေက သတိလစ်တဲ့အထိ ရိုက်နှက်ပြီး အိမ်ကို ပို့လာပါတယ်။ သူတို့ရိုက်နှက်တဲ့ ဒဏ်ရာနဲ့ မနေ့က မနက်မှာပဲ အိမ်မှာ သေဆုံးသွားပါတယ်” ဟု ဖြစ်စဥ်သိရှိသူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် သေဆုံးသူ ဦးကမ်းလျန်ထန်း၏ ယောက်ဖဖြစ်သူ ဦးဒါလ်မွမ်းကိမ်းကိုလည်း ဖေဖော်ဝါရီ ၆ ရက်နေ့ မနက်တွင် ZRA အဖွဲ့ဝင်များက ထပ်မံဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်စစ်ဆေးခံထားရသည့်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“မနက်ပိုင်းမှာ စစ်ဆေးစရာရှိတဲ့ဆိုပြီး ခေါ်သွားတယ်။ အဲဒီနေ့ ညမှာပဲ သေဆုံးတဲ့ ရုပ်အလောင်းကို အိမ်ပြန်ပို့တယ်။ တစ်ကိုယ်လုံး ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားတာပါ” ဟု ဖြစ်စဥ်သိရှိသူ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းသေဆုံးသူနှစ်ဦး၏ မိသားစုဝင်များကို ZRA အဖွဲ့ခေါင်းဆောင်နှစ်ဦးက ဇိုမီး (ချင်း) ထုံးစံနှင့်အညီ သွားရောက် တောင်း ပန်ခဲ့ကြောင်း သိရသည်။

“ရွာမှာက ညမထွက်ရအမိန့် ထုတ်ပြန်ထားတယ်။ ညဘက် ၈ နာရီဆို အပြင်ထွက်မရတော့ဘူး။ အဲ့ဒါကြောင့် အခုလိုဖြစ်သွားတာပါ။ ZRA ဘက်က ခေါင်းဆောင်းတွေကလည်း ဇိုမီးထုံးစံအတိုင်း မိသားစုတွေဆီ တောင်းပန်ခဲ့ပြီးပါပြီ” ဟု ZRA နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်ရှိ ZRA ထိန်းချုပ်ထားသည့်ကျေးရွာများတွင် ZRA က ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး ရွာသားများကို ကင်းစောင့်ခိုင်းစေခြင်းများ ပြုလုပ်ကြောင်းလည်း သိရသည်။

#တီးတိန်မြို့နယ် #ZRAတပ်ဖွဲ့ #ဖမ်းဆီးရိုက်နှက်မှု #အရပ်သား၂ဦးသေဆုံး #Ayeyarwaddy_Times