
ဧရာ၀တီတိုင်းမ်
ဖေဖေါ်ဝါရီ ၉ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဖေဖော်ဝါရီလ အစပိုင်းမှစတင်ပြီး လုံခြုံရေးအကြောင်းပြကာ ညစဥ် ဧည့်စာရင်းစစ်နေကြောင်း ပုသိမ်မြို့ခံများထံက သိရသည်။
“တစ်နေ့ကို တစ်ရွာဒါမှမဟုတ် တစ်လမ်းခြင်း ညတိုင်းစစ်နေတာ၊ ရာအိမ်မှုးတွေက လူစိမ်းရှိတဲ့အိမ်ကို ကြိုပြောထားတယ်လေ” ဟု ပုသိမ်မြို့ပေါ် ရပ်ကွက်တွင် နေထိုင်နေသူတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောသည်။
ပုသိမ်မြို့တွင် စစ်ကောင်စီတပ်၊ ရဲ၊ ပြည်သူစစ်၊အရန်မီးသတ်နှင့်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး လှည့်ကင်း၊ ကင်းပုန်းများ၀ပ်ခြင်းနှင့် လူငယ်အချို့ကို ဖမ်းဆီး၍ ငွေတောင်းပြီး ပြန်လွှတ်ပေးခြင်း၊ ငွေမပေးနိုင်ပါက စစ်မှုထမ်းရန်စုဆောင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
“မနေ့က ရွာမှာ ရခိုင်စစ်ဘေးရှောင်တွေ ငှားနေတဲ့အိမ်ကိုလာစစ်တာ စစ်သားက ၁၅ ယောက်လောက် ပါတယ်။ ဘေးအိမ်က အသံကြားလို့ တံခါးဖွင့်ကြည့်တာ စစ်သားတွေက ဖမ်းဖို့လုပ်လို့တောင်းပန်ရသေးတယ်” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။
ပုသိမ်မြို့နယ်တွင်ယခင်က တစ်လခန့်ကြာတွင် တစ်ကြိမ်ခန့်သာ ဧည့်စာရင်းစစ်ဆေးသော်လည်း ယခုအခါ ညစဥ်တိုင်း ရပ်ကွက်နှင့်ကျေးရွာအလိုက်စစ်ကောင်စီတပ်ဖွဲ၀င်များဦးဆောင်ကာ စစ်ဆေးနေပြီး ဧည့်စာရင်းတိုင်ထားသည့်နေအိမ်များမှဧည့်သည်များ၊ အိမ်ငှားနေထိုင်သူများ၏နေအိမ်များကို အဓိကထားစစ်ဆေးနေကြောင်း သိရသည်။
#ပုသိမ်မြို့နယ် #စစ်ကောင်စီ #ဧည့်စာရင်းစစ်ဆေး# #Ayeyarwaddy_Times