
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တွင် စစ်ကောင်စီက ခံစစ်ပြင်ထားပြီး ကျေးရွာအချို့ကိုပါ စစ်ကြောင်းထိုးနေကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်သည် ဟိုင်းကြီးကျွန်းမြို့အနီးရှိ မရမ်းကွင်းရွာနှင့် ငပြေမရွာ အတွင်းသို့ ဝင်ရောက်စစ်ကြောင်းထိုးပြီး ရှာဖွေစစ်ဆေးမှုများပါ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းတွင်လည်း ဇီးချိုင်ကျေးရွာ ရှိကျေးရွာ အတွင်းဝင်ရောက်၍ စစ်ကြောင်းထိုး ရှာဖွေမှုများ ပြုလုပ်သွားကြောင်း ပုသိမ် သတင်းရင်းမြစ်ထံက သိရသည်။
“ဟိုင်းကြီးကျွန်းတပ်တွေထဲကို ပုသိမ်က တပ်မိသားစု ဝင်တွေပါ ပြောင်းထားတယ်။ နောက်ပြီးသင်တန်း ဆင်းတွေနဲ့ စစ်အင်အားဖြည့်ထားတာတွေရှိတယ်။ ပြီးတော့ ကတုတ်ကျင်းနဲ့ မိုင်းကွင်းတွေပါ ထပ်တိုးထားတယ်”ဟု ဧရာဝတီတိုင်းမ်သတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် ဖောင်တိုးကားလမ်းပေါ်တွင်လည်း သွားလာ နေသည့် ကားနှင့်ဆိုင်ကယ်များကို စစ်ဆေးမှုများ တင်းကျပ်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီက ဧရာဝတိုင်းအတွင်း တိုက်ပွဲများစတင်လာချိန်တွင် သာပေါင်း၊ ရေကြည်၊ အင်္ဂပူနှင့် ဟိုင်းကြီးကျွန်းမြို့နယ်တို့တွင် ခံစစ်ပြင်နေပြီး အင်အားများ တိုးချဲ့ချထားကာ စစ်ကြောင်းထိုးမှုများပါ ပြုလုပ်လာနေပြီး လက်ရှိတွင် သာပေါင်းမြို့နယ် ခွေးကုပ်အုပ်စု၊ အနန်းကုန်းရွာ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့် တပ်စွဲထားပြီး ခံစစ်ပြင်ထားကြောင်း သိရသည်။
အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတော်လှန်ရေးအဖွဲ့များ၏ ထိုးစစ်မှာလည်း သာပေါင်းမြို့နယ် အတွင်းရှိ ကျားခေါင်း၊ သစ်ဝမ်းပူ၊ သာပေါင်းလေးစသည့် ကျေးရွာများအထိ ရောက်ရှိလာပြီး တိုက်ပွဲပြင်းထန်နေ ကြောင်း သိရသည်။
#ဧရာဝတီတိုင်း #ဟိုင်းကြီးကျွန်း #စစ်ကောင်စီ #ခံစစ်ပြင် #စစ်ကြောင်းထိုး #Ayeyarwaddy_Times