
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်
ရခိုင်ပြည်နယ် မြို့တော် စစ်တွေရှိ စစ်ကောင်စီစခန်းများကို အာရက္ခတပ်တော် AAက လက်နက်ကြီး၊ အတွဲလိုက်ဒုံးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက် ည ၁၁နာရီအချိန်ခန့်မှစတင်ပြီး AAက စစ်တွေရှိ စစ်ကောင်စီ ဂိတ်စခန်းများကို လက်နက်ကြီး
များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယနေ့ ဖေဖော်ဝါရီ ၈ရက် နေ့လယ်ပိုင်းအထိ ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်စွဲထားရာ အမြင့်ကျွန်း၊ မင်းချောင်းတံတား၊ ချီလည်ပင်း၊ ပါဒလိတ်၊ ကျောက်တန်းကြီး၊ ကျောက်တန်းချေ၊ တောကန်၊ ရွှေမင်းဂံ၊ အောင်မင်္ဂလာ၊ ကြွဲတဲဘက်များသို့ AAက အတွဲလိုက်ဒုံးနှင့် စစ်ကောင်စီထံကသိမ်းယူထားသည့် ဟောင်ဝစ်ဇာများဖြင့်ပါ ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီနေ့ နေ့လယ် တစ်နာရီထိ အပြန်အလှန်ပစ်နေကြတုန်းပဲ။ ရှေ့ရက်တွေကလည်း ပစ်ခတ်တာရှိပေမယ့် ဒီလောက်မပြင်းထန်ဘူး။ မြို့သိမ်းတိုက်ပွဲ စနေပြီလို့လည်း ပြောနေကြတယ်” ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်း ဖေဖော်ဝါရီ ၅ရက်နေ့ကလည်း စစ်ကောင်စီဂိတ်စခန်းများရှိသည့် ကျားမသောက်၊ ဝါဘို၊ တောကန်ကျေးရွာများဘက်သို့ AAက လက်နက်ကြီးများဖြင့်
ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။
ယမန်နေ့ကစတင်သည့် ထိုးစစ်ဆင်ပစ်ခတ်တိုက်ခိုက်မှုကို စစ်ကောင်စီဘက်ကလည်း ပြန်လှန်ပစ်ခတ်မှုများရှိခဲ့ပြီး ရေတပ်ကိုလည်း စစ်တွေပွိုင့်တွင်အသင့်အနေအထားပြင်ဆင်နေကြောင်း သိရသည်။
ထို့အပြင် လေကြောင်းမှ ရဟတ်ယာဉ်များအတက်အဆင်းရှိနေပြီး စစ်တွေမြို့အတွင်း လုံခြုံရေးယူထားသည့် စစ်ကောင်စီအဖွဲ့များ အသင့်အနေအထားပြင်ဆင်ထားမှုရှိကြောင်း သိရသည်။
#စစ်တွေ #AA #စစ်ကောင်စီ #တပ်စခန်း #လက်နက်ကြီး #ပစ်ခတ် #မြို့သိမ်းတိုက်ပွဲ #Ayeyarwaddy_Times