နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ ထွက်လာပြီးနောက် အမျိုးသမီးများကို စစ်မှုထမ်းရန် အမှတ်စဉ် (၁)အတွက် စာရင်းကောက်ယူနေသော်လည်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်း ထွန်းကမူ ခေါ်ယူရန် မရှိသေးဟု ပြောကြားထားသည်ကို ၎င်းတို့၏ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ပြောသည်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် ၎င်း၏တပ်အင်အား ပြုန်းတီးလာမှုအပေါ် ပြန်လည်ဖြည့်တင်းရန်အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့ပြီး ယခုနည်းဥပဒေ ထွက်လာသည့်အခါ အမျိုးသမီးစစ်မှုထမ်း အမှတ်စဉ် (၁)အတွက် စာရင်းများကောက်ယူလာခြင်းဖြစ်သည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေတွင် အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော်လည်း အမျိုးသမီး ပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ရန် မရှိသေးကြောင်း ငြင်းဆို ထားသည်။

“ပြည်သူ့စစ်မှုထမ်း ဥပဒေမှာရော၊ နည်းဥပဒေမှာရော အမျိုးသမီး အသက်ဘယ်လောက်၊ အမျိုးသား အသက်ဘယ်လောက်ဆိုတာ ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒါကိုမူတည်ပြီးတော့ အမျိုးသမီးတွေကို ခြိမ်း ခြောက်နေတာမျိုးတွေ ရှိကြောင်းလည်း တွေ့ရှိရပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုသို့ အမျိုးသမီးစာရင်း ကောက်ယူမှုများကို ယခုလ ဖေဖော်ဝါရီမှစ၍ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်းနှင့် ဒေသတချို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ စသည်တို့က လုပ်ဆောင်နေပြီး ရပ်ကွက်ရုံးများတွင်လည်း စာရင်းကပ် ကြေညာမှုများရှိကြောင်း သိရသည်။

“စစ်ကောင်စီက သူပြောချင်ရာပြော၊ အောက်က အုပ်ချုပ်ရေးမှုးတွေ၊ လူမိုက်တွေနဲ့ ပေါင်းပြီးတော့ စစ်မှုထမ်း ခေါင်းစဉ်နဲ့ ပိုက်ဆံရှာနေကြတာ။ တစ်ခုခုဖြစ်လာမယ်ဆိုရင် ဘယ်လိုကာကွယ်မလဲ။ ကြို တင်စားရဖို့လိုတယ်” ဟု ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်က ထပ်မံထုတ်ပြန်လိုက်သည့် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေအရ အသက် ၁၈ မှ ၂၇ နှစ်ရှိ သာမန်အရပ်သား အမျိုးသမီးများနှင့် အတတ်ပညာရှင်များ အမျိုးသမီး ဖြစ်ပါလျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ စစ်မှုထမ်းရမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့အသက်သွင်း ထုတ်ပြန်လိုက်သော ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေအရ အိမ်ထောင်ရှိသူနှင့် အိမ်ထောင်ကွဲသော်လည်း ကလေးရှိသည့် အမျိုးသမီးများ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရှိသော်လည်း
လက်ရှိတွင် အိမ်ထောင်သည်၊ ကလေးအမေနှင့် အသက် အရွယ်ကျော်လွန်နေသည့်အမျိုးသမီးများကိုပါ စာရင်းကောက်ယူနေကြောင်း သိရသည်။

အလားတူ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြဌာန်းစဉ်ကလည်း စစ်မှုထမ်းရမည့်သူများကို ရှေ့တန်းပို့ရန်မရှိဘဲ ရပ်ရွာလုံခြုံရေးအတွက်သာ အသုံးပြုမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက မကြာခဏ ပြောဆိုခဲ့ပြီး လက်တွေ့တွင်မူ စစ်သင်တန်းဆင်းသည်နှင့် ရှေ့တန်းပို့ခံရ၍ ထိခိုက်သေဆုံး ထွက်ပြေးမှုများရှိနေသည်ကို တွေ့ရသည်။

#စစ်မှုထမ်းရန် #အမျိုးသမီးများ #စာရင်းကောက် #ခေါ်ယူရန်မရှိ #ဗိုလ်ချုပ်ဇော်မင်းထွန်း #Ayeyarwaddy_Times