ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်

တိုက်ပွဲများပြီးဆုံးပြီး အာရက္ခတပ်တော် (AA) သိမ်းပိုက်လိုက်သည့် မြို့နယ်များတွင် စစ်လက်ကျန် မိုင်းနှင့် ဗုံးသီးများကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာမှ စတင်ခဲ့သည့် ရခိုင်မြို့သိမ်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲခြင်းနှင့် မြေပြင်တွင်နင်းမိုင်းများထောင်ထားခြင်း၊ ဗုံးသီးအပါအဝင် စစ်လက်နက် များကို စွန့်ပစ်ခဲ့ခြင်းတို့ကြောင့် ဒေသတွင်းပြန်လည်နေထိုင်သူများမှာ စစ်ကျန်လက်နက်များကြောင့် ထိခိုက်သေဆုံးမှုများရှိနေကြောင်း သိရသည်။

“စစ်ကျန်ဒုံးကျည်တွေ ဗုံးတွေကောက်လာပြီး ထုခွဲကြည့်ကြတာကို တချို့ လူကြီးတွေကအစ လုပ်တတ်ကြတယ်။ မိုင်းတွေက စစ်တပ်က နေရာအနှံ့ ထောင်ထားခဲ့တော့ ထင်းကောက်ဖို့တောင် မဝံ့ရဲဘူး။ စစ်ဖြစ်ခဲ့တဲ့ဒေသအားလုံး မိုင်းရှင်းတာတွေ လုပ်ပေးဖို့လိုပါတယ်” ဟု တောင်ကုတ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ရက်နေ့က ဂွမြို့နယ် တိုင်ကျိုးရွာမှ အသက် ၅နှစ်အရွယ်ကလေးငယ်တစ်ဦး စစ်လက်ကျန်ဗုံးသီးကို ထုခွဲဆော့ကစားရာမှ ထုခွဲသူကလေးငယ်တစ်ဦး အပါအဝင် သုံးဦးသေဆုံးပြီး နှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မောင်တော ရွှေဇားဂုံးနားရွာတွင် ဖေဖော်ဝါရီ ၆ရက်နေ့က နေအိမ်ခြံဝန်းအတွင်း မိုင်းနင်း မိသည့်အတွက် ၂နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၃ဦး ဒဏ်ရာရရှိခဲ့ကာ ယင်းနေ့တွင်ပင် တောင်ကုတ်၌ အသက် ၅၀ ကျော်အရွယ်အမျိုးသမီးတစ်ဦး မိုင်းနင်းမိရာမှ ခြေထောက်တစ်ဖက် ပြတ်တောက်သွားကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်း၌ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ရက်နေ့နှင့် ဇန်နဝါရီ ၂၉ရက်နေ့တို့တွင် နေအိမ်ခြံဝန်းအတွင်း စစ်လက်ကျန်ထောင်ထားသည့် မိုင်းများကိုနင်းမိပြီး အမျိုးသား နှစ်ဦး ခြေထောက်ပြတ်သွားကြောင်း သိရသည်။

AA သည် ယခု ဖေဖော်ဝါရီလအတွင်း မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ကောင်စီ ထောင်ထားခဲ့သည့် မိုင်းများကို လိုက်လံရှင်းလင်းနေပြီး မောင်တောမြို့အတွင်းရှိ စစ်ကျန်လက်နက် ခဲယမ်း၊ ဗုံးသီးများကို ရှာဖွေကာ မိုင်းများကို ရှင်းလင်းရေးလုပ် ဆောင်ပြီးနောက် ဒေသခံများကို ပြန်လည်နေထိုင်ခွင့် ပေးခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ဒေသခံများအတွက် စစ်လက်ကျန် မိုင်းနှင့် ဗုံးအန္တရာယ်များကို အသိပညာပေး မှုများပြုလုပ်ရန်လိုအပ်နေပြီး မိုင်းရှင်းလင်းရေးများကို ဆက်လက်လုပ်ဆောင်ပေးရန် ရခိုင်ဒေသခံများ က လိုလားလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ- Golden era media
ပုံစာ- မြောက်ဦးတွင် မိုင်းရှင်းလင်းရေးလုပ်နေသည့် AAတပ်ဖွဲ့များ
#ရခိုင် #စစ်လက်ကျန် #မိုင်း #ဗုံးသီး #ဒေသခံ #ထိခိုက်သေဆုံး #Ayeyarwaddy_Times