
ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ ဖေဖော်ဝါရီ ၇ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကျန်းမာရေးဆိုင်ရာ ဆေးဝါးများပြတ်လပ်ခြင်းနှင့် ကျန်းမာရေး ဝန်ထမ်း လုံလောက်မှုမရှိဘဲ ငှက်ဖျားရောဂါဖြစ်ပွားမှုကြောင့် တစ်နှစ်အတွင်းတွင် ဒေသခံပြည်သူ ၁၀ ဦးကျော်သေဆုံးခဲ့ကြောင်းသိရသည်။
အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှု ပြန်လည်မြင့်မားလာသလို ဝမ်းရောဂါနှင့် အခြားရောဂါများလည်းဖြစ်ပွားနေပြီး ဆေးဝါးပြတ်လပ်မှုကြောင့် အသက်မဆုံးရှုံးသင့်ဘဲ သေဆုံးသူများလည်း ရှိနေကြောင်းဒေသခံများထံမှ သိရသည်။
“၂၀၂၄ခုနှစ်က ပလက်ဝမှာ ငှက်ဖျားရောဂါကြောင့် သေဆုံးသွားတာ ၁၀ ယောက်ကျော်တော့ရှိမယ်။ ပြီးတော့ ဆေးဝါးလုံလောက်မှုတော့ လုံးဝမရှိဘူး။ ကျန်းမာရေးဝန်ထမ်းတွေလည်း နည်းတယ်။ အဓိက ကတော့ အရေးပေါ်လူနာတွေကို မီဇိုးရမ်ပြည်နယ်မှာပဲ သွားရောက်ကုသရတယ်။ ကုန်သွယ်ရေးလည်း အရမ်းခက်ခဲတော့ အိန္ဒိယဘက်က ဆေးဝါတွေလည်း အရမ်းဈေးကြီးတယ်။ ဆေးဝါးခတွေက ဈေးနှစ်ဆလောက် မြင့်တယ်” ဟု ပလက်ဝမြို့၊ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းပြည်နယ်တွင် ကျန်းမာရေးဆိုင်ရာ ဆေးဝါးပြတ်လပ်မှုနှင့် ကျန်းမာရေးဝန်ထမ်းလုံလောက်မှု မရှိခြင်းတို့ကို ရင်ဆိုင်နေရပြီး ကျန်းမာရေးဆိုင်ရာပြဿနာကြောင့် သေဆုံးမှုသည် ဒုတိယ အမြင့်မားဆုံးဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရာတွင် ကျန်းမာရေးဆိုင်ရာ အဆောက်အဦးများကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေပြီး ကျန်းမာရေးအဆောက်အဦး ရာချီပျက်စီး နေကြောင်းသိရသည်။
ပုံစာ-ပလက်ဝစစ်ဘေးရှောင်များ။
#ပလက်ဝမြို့နယ် #ကျန်းမာရေးဆိုင်ရာ #ဆေးဝါးလုံလောက်မှုမရှိ #တစ်နှစ်အတွင်း #ဒေသခံ #၁၀ကျော်သေဆုံး #Ayeyarwaddy_Times