
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်
လျှပ်စစ်မီးပြတ်တောက်မှုကိုဝေဖန်သဖြင့် မတရားထောင်ဒဏ်ကျခံနေရသူ အဆိုတော်ဗျူဟာ၏ ဖခင်၊ “ကမ္ဘာမကြေဘူး” သီချင်းအပါအဝင် နာမည်ကျော် တေးသီချင်းများကိုဖန်တီးခဲ့သူ ကဗျာဆရာ နိုင်ငံကျော် တေးရေးဆရာ နိုင်မြန်မာ ကွယ်လွန်သွားကြောင်း သိရသည်။
ဦးနိုင်ဦးမြင့် (ခ) ကဗျာဆရာ တေးရေးဆရာ နိုင်မြန်မာ အသက် ( ၆၈ ) နှစ်သည် ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့က နေအိမ်တွင် ကွယ်လွန်သွားကြောင်းသိရသည်။
တေးရေး နိုင်မြန်မာသည် ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်အာဏာသိမ်းခဲ့သည်ကို လက်မခံကြောင်း မီဒီယာများမှတစ်ဆင့် အစောဆုံးဝေဖန်ထုတ်ဖော်ပြောကြားခဲ့သူ ဖြစ်သည်။
” ဒီလိုအာဏာသိမ်းတာမျိုးကိုမထောက်ခံဘူး။ အခုပြည်သူတွေက ဦးသီချင်းကိုဆိုနေကြတယ်။ ဒီသီချင်းက ဒီလိုအချိန်မှာ ဒီလိုဆိုဖို့ရည်ရွယ်ချက်နဲ့ရေးထားခဲ့တာ။ ဆိုကြပါ။ မအောင်မြင်မချင်း ဆိုကြပါ” ဟု နိုင်မြန်မာက ထုတ်ဖော်ပြောကြားခဲ့သည်။
“ကမ္ဘာမကြေဘူး..ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ၊ တော်လှန်ရေး..ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော၊ ဪ… သူရဲကောင်းတို့ရေ…၊ အာဇာနည်တွေနေတဲ့ တိုင်းပြည်၊ ကမ္ဘာမကြေဘူး” ဆိုသည့် နိုင်မြန်မာ၏ “ကမ္ဘာမကြေဘူး” သီချင်းသည် ရှစ်လေးလုံးအရေးတော်ပုံ ကာလကတည်းက ထင်ရှားပြီး လက်ရှိနွေဦးတော်လှန်ရေးကာလတွင် ကြွေးကြော်တေးအဖြစ် ပြန်လည်နိုးကြားစေခဲ့သည်။
တေးရေး နိုင်မြန်မာသည် ထင်ရှားကျော်ကြားသော မူရင်းတေးသီချင်း၊ ကော်ပီသီချင်းများစွာ ရေးစပ်ခဲ့သူဖြစ်ပြီး ဝါဆို၊ ပထမဝါဆို၊ ဒုတိယဝါဆို၊ ဒုံးယိမ်းည ၊ ရင်တွင်းမေ၊ ပလက်ဖောင်းရှိုး၊ တစ်ကိုယ်တော်သုံးရာသီ၊ မေဒဏ္ဍာရီ၊ ချစ်လူမိုက်၊ ဟာသ၊ မပြောချင်လို့ကြည့်နေတာကြာပြီ၊ ကိုယ်ရံတော်တပ်မှူးလေး၊ တူနှစ်ကိုယ်တိုင်းပြည်၊ မောင့်အိပ်မက်မေ၊ ကျွန်ုပ်ရဲ့မုရာ၊ ရန်ကုန်ကပြန်ခဲ့တယ်၊ အခုတော့ပါးစပ်ရာဇဝင်လေးတစ်ခုဖြစ်လို့ကျန်ခဲ့ပြီ စသည့် တေးသီချင်းများသည့် နာမည်ကျော် လူကြိုက်များသည့် တေးသီချင်းများ ဖြစ်သည်။
ဦးနိုင်ဦးမြင့် (ခ) နိုင်မြန်မာသည် ၂၀၂၁ ခုနှစ်က ကွယ်လွန်ကြောင်း ကောလာ ဟလ ထွက်ပေါ်ခဲ့ပြီး ယင်းကာလတွင် ကိုဗစ် – ၁၉ ကူးစက်မှုခံထားရ၍ အဆုတ်ကျန်းမာရေး မကောင်းကြောင်း သိရကာ နဂိုနှလုံးရောဂါအခံရှိကြောင်းသိရသည်။
စစ်ကောင်စီသည် ဆိုးရွားသည့် လျှပ်စစ်မီး ပြတ်တောက်မှုအကြောင်း ဝေဖန်ခဲ့သည့် နိုင်မြန်မာ၏ သားဖြစ်သူ Hip-hop အဆိုတော် ကိုမင်းအုပ်မြန်မာ (ခ) ဗျူဟာ ကို ၂၀၂၃ ဩဂုတ်တွင် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်။
လက်ရှိတွင် တေးရေးနိုင်မြန်မာ နာရေးအသုဘချနိုင်မည့် နေ့ရက်၊ အစီအစဉ်များနှင့် ပတ်သက်၍ ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်၊ MC
#နိုင်ငံကျော်တေးရေး #နိုင်မြန်မာကွယ်လွန် #ဗျူဟာ #လျှပ်စစ်မီး #ထောင်ဒဏ်နှစ်၂၀ #Ayeyarwaddy_Times