ဧရာဝတီတိုင်းမ်
(မိုးဗြဲ)၊ ဖေဖော်ဝါရီ ၇ ရက်

ရှမ်း-ကရင်နီနယ်စပ်ရှိ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး ယနေ့အချိန်အထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ထံက သိရသည်။

စစ်ကောင်စီသည် ယခုဖြစ်ပွားနေသည့် မိုးဗြဲတိုက်ပွဲအတွင်း အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခြင်း ခံထားရသည့် စစ်မှုထမ်း အမှတ်စဉ်(၁) မှ (၆) အထိတပ်သားသစ်များကို ရှေ့တန်းတွင် အဓိကထား အသုံးပြုနေပြီး သေဆုံးသွားသည့် စစ်ကောင်စီတပ်သားအများစုမှာလည်း တပ်သား သစ်များ ဖြစ်ကြောင်း သိရသည်။

“မိုးဗြဲဘက်ကတော့ အခုချိန်ထိတိုက်ပွဲတွေပြင်းထန်နေတုန်းဖြစ်ပါတယ်။ မိုးဗြဲတိုက်ပွဲရော လွိုင်ကော် တိုက်ပွဲရော စစ်မှုထမ်းအမှတ်စဉ် (၁) ကနေ (၆)အထိ စုဆောင်းထားတဲ့ စစ်ကောင်စီတပ်သားသစ် တွေကို သုံးပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေထဲကို ထွက်ပြေးလာတဲ့ ခိုလှုံလာတဲ့သူတွေထဲမှာလည်း အမှတ်စဉ် (၁)ကနေ (၆) အထိ လူတွေပါဝင်နေတာကို တွေ့ရတယ်” ဟု KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် မိုးဗြဲမြို့အခြေစိုက် ခလရ-၄၂၂ တပ်ရင်း မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်သည့်စစ်ကြောင်းနှင့် ဖယ်ခုံ၊ ပင်လောင်း ဘက်မှ အင်အားဖြည့်လာသည့် တပ်ဖွဲ့များ ပူးပေါင်းကာ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး မိုးဗြဲမြို့အတွင်း နှစ်ဖက် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကိုပါ ပြုလုပ်နေပြီး Y-12 ထောက်ပို့ လေယာဉ်များမှ မီးလောင်ဗုံးများ ကြဲချခြင်းများအပြင် စစ်ရှောင်စခန်းများသို့လည်း ဗုံးကြဲချခြင်းများ ပြုလုပ်နေခြင်းကြောင့် ဒေသခံနေအိမ်များ ပျက်စီးမှု ရှိကြောင်းသိရသည်။

စစ်ကောင်စီသည် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့် ဇန်နဝါရီထဲကပင် ကြိုးပမ်းနေခြင်းဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုများ၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေကာ တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – KNDF(ပုံဟောင်း)
#မိုးဗြဲ #စစ်ကောင်စီ #တိုက်ပွဲဖြစ်ပွား #တော်လှန်ရေး #စစ်မှုထမ်း #တပ်သားသစ် #Ayeyarwaddy_Times