ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်

ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်ရှိ မိုးထိတောင် စခန်းကို စစ်ကောင်စီက အင်အားများပို့ဆောင်ပြီး လက်နက်ကြီးများဖြင့်ပစ်၍ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲပြင်းထန် နေကြောင်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်လိုက်ရသည့် မိုးထိတောင် စခန်းကို ထိုးစစ်ဆင်ရန်အတွက် ညောင်ကျိုးတွင် ခံစစ်အခိုင်အမာပြင်ဆင်၍ ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်များသိမ်းပိုက်ထားသည့် မိုးထိတောင်ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေရာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“ညောင်ကျိုးမှာ ခံစစ်အခိုင်အမာအထိုင်ချပြီး ပန်းတောင်းဘက်ကနေ အင်အားတွေ ဆက်တိုက် ပို့နေတာ။ ခံစစ်ပြင်ထားတဲ့နေရာကနေ လက်နက်ကြီးနဲ့ မိုးထိဘက်ကို လှမ်းပစ်နေတာ။ တိုက်ပွဲ ဖြစ်နေပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေသည့် နေရာနှင့် ခံစစ်ပြင်ဆင်ထားသည့် ပန်းတောင်း၊ ဥသျှစ်ပင်၊ ညောင်ကျိုးအနီးတစ်ဝိုက်ကို တပ်အင်အားနှင့် ရိက္ခာ များပို့ဆောင်ရန်အတွက် အရပ်သားကားများကို ဖမ်းဆီး၍ အတင်းအဓမ္မ စေခိုင်းလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီက ညောင်ကျိုးတွင် အင်အားအများအပြားဖြင့် ခံစစ်ပြင်ဆင်၍ အခိုင်အမာ အထိုင်ချ တပ်စွဲရန် ပြင်ဆင်နေသော်လည်း စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းထားသည့် တပ်သားသစ်များအပြင် ထုတ်လုပ်ရေးတပ်ဖြစ်သည့် ကပစမှ တပ် သားများကို ရှေ့တန်းပို့ဆောင်ထားခြင်းဖြစ်ရာ နေ့စဉ် ထွက်ပြးမှုများရှိနေသည့်အတွက် ပြန်လည်ဖမ်းဆီးနေရကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။

ဓာတ်ပုံ-အင်တာနက်(ပုံဟောင်း)
#ပဲခူး #ဥသျှစ်ပင် #ညောင်ကျိုး #စစ်ကောင်စီ #ခံစစ် ပြင်ဆင် #လက်နက်ကြီး #ပစ်ခတ် #မိုးထိတောင် #ထိုးစစ်ဆင် #Ayeyarwaddy_Times