ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်

ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိမ်းအလောင်းကစားရုံများရှိရာ နယ်စပ်နေရာများကို ထိုင်းနိုင်ငံ၏ ပိတ်ဆို့မှုကြောင့် မြန်မာနယ်စပ်မြို့များတွင် ဓာတ်ဆီနှင့် ဒီဇယ်ဝယ်ယူရန်အခက်အခဲဖြစ်နေပြီး ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီတင်သင်္ဘော ၂၉ စီးဆိုက်ကပ်မည်ဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင်ဖော်ပြထားသည်။

လက်ရှိတွင်ထိုင်းနိုင်ငံမှ လျှပ်စစ်မီး၊ အင်တာနက်နှင့် စက်သုံးဆီပြတ်တောက်မှုကြောင့် တာချီလိတ်၊ မြဝတီ နှင့် ဘုရားသုံးဆူမြို့တို့ရှိ ဒေသခံပြည်သူများအခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီတင်သင်္ဘော သုံးစင်းရောက်ရှိနေပြီး ပင်လယ်ဝတွင် သင်္ဘော သုံးစင်း၊ ရေလမ်းခရီးတွင် သင်္ဘော တစ်စင်းအပါအဝင် ပြည်ပနိုင်ငံတွင် စက်သုံးဆီ တင်ဆောင်နေသော သင်္ဘော ၁၀ စင်းအသင့်ဖြစ်နေပြီး ဖေဖော်ဝါရီလ အတွင်း ရောက်ရှိမည် ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ ထံက သိရသည်။

ပြည်ပမှစက်သုံးဆီနှင့် စားအုန်းဆီတင်သင်္ဘောများ ကြိုတင်စီမံထားသည့်အတိုင်း စဉ်ဆက်မပြတ် ဝင်ရောက်ရှိပြီး ပြည်တွင်း သုံးစွဲမှုလုံလောက်သည့်အပြင် အရန်ဆီများကြိုတင် သိုလှောင်ထားကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ရန်ကုန်အပါဝင် မြို့ကြီးများတွင် စက်သုံးဆီအခက်အခဲ မရှိသေးသော်လည်း မြန်မာ – ထိုင်းနယ်စပ် တာချီလိတ်တွင် စက်သုံးဆီရရှိရန် ခက်ခဲနေပြီး ဈေးမြင့်တက်နေကာ ဆီတစ်လီတာလျှင် ထိုင်းဘတ် ၁၀၀ အထိဈေးတက်သွားပြီး နောက်တွင် ယခု ဆီတစ်လီတာလျှင် ဘတ် ၆၀ မှ ၈၀ နီးပါးရှိ‌ကြောင်းသိရသည်။

“ မီးက မနက်တစ်ပိုင်းတော့ ခဏပြတ်တယ်။ မနက် ၇ နာရီကနေ ၁၁ နာရီထိ၊ အဲဒါပြီးရင်တော့ ဆက်တိုက်လာတယ်။ ဆီဈေးက ဟိုးအရင်တွေထက်ဈေးတော့ကျသွားပြီကြားတယ်။ ပုံမှန်တော့ မဖြစ်သေးဘူး။ ပြန်ယူရောင်းကြတာ တစ်လီတာ ဗူးလေးတွေကို ဘတ် ၈၀ ရှိတယ်။ ထိုင်းကပိတ်လိုက်တော့ အောက်ခြေက လူတွေအရင်ထိတာပဲ ” ဟု တာချီလိတ်ရောက်နေသူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထိုင်းနိုင်ငံသည် ကျားဖြန့်ဂိုဏ်း၊ အွန်လိုင်းအလောင်းကစားရုံများရှိရာနေရာ မြန်မာနယ်စပ်ရှိ နေရာ ငါးနေရာကို လျှပ်စစ်မီး၊ အင်တာနက်၊ စက်သုံးဆီပြတ်တောက်လိုက်သဖြင့် ကျားဖြန့်အဖွဲ့များမှာ ထိခိုက်မှုနည်းပါးသော်လည်း ဒေသခံပြည်သူများထိခိုက် နေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါပိတ်ဆို့မှုကြောင့် မြန်မာပြည်တွင်း နေရာ ၅၉ ခုတွင် ဓာတ်ဆီ၊ ဒီဇယ်ရောင်းချခွင့်များ ပိတ်ပင်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – MOI ၊ လူမှုကွန်ရက်
#စက်သုံးဆီသင်္ဘောဆိပ်ကပ် #စက်သုံးဆီလုံလောက် #တာချီလိတ် #စက်သုံးဆီခက်ခဲ #ထိုင်းဖြတ်တောက် #Ayeyarwaddy_Times