နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်

မြန်မာနိုင်ငံကို လွတ်လပ်သည့် နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲ၍ သူတစ်ပါးလက်အောက်ခံ မဖြစ်စေရေး အားလုံးစည်းလုံး ညီညွတ်ကြရမည်ဖြစ်ပြီး ယခုအချိန်ကာလသည် နိုင်ငံတော်အတွက် ဘေးအန္တရာယ် ကျရောက်နိုင်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်က ပြောသည်။

စစ်ခေါင်းဆောင်သည် ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် ကျရောက်သည့် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ရာတွင် ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေး အတွက်လည်း တပ်နှင့်ပြည်သူ လက် တွဲ၍ ဆောင်ရွက်ရမည်ဟု ဆိုသည်။

“မိမိတို့နိုင်ငံရဲ့ ရပ်တည်ရှင်သန်ရေးကို ကိုယ်စွမ်းကိုယ်စနဲ့ မထိန်းသိမ်းနိုင်ရင် နိုင်ငံရဲ့ အချုပ်အခြာ အာဏာ အားနည်းပြီး သူတစ်ပါး လက်အောက်ခံဘဝသို့ ကျရောက်နိုင်တာကိုလည်း သတိပြုကြရမယ်” ဟု စစ်ခေါင်းဆောင်က ပြောဆိုကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီက အာဏာသိမ်းလိုက်သည့်အတွက် တိုင်းပြည် ဘေးအန္တရာယ် ကျရောက်ခြင်းဖြစ်ပြီး စစ်ရှုံး စစ်ကောင်စီသည် တိုင်းရင်းသား နယ်မြေများကိုလည်း ဗုံးကြဲကာ အရပ်သားပြည်သူများကို တိုက်ခိုက်၍နေကြောင်း ရန်ကုန်မြို့ခံ အမျိုးသမီးပြည်သူတစ်ဦးက ဆိုသည်။

“အာဏာသိမ်းထားပြီး တိုင်းရင်းသားတွေကို အကြမ်းဖက်လို့ စွပ်စွဲတယ်။ အာဏာသိမ်းတဲ့ ဆိုးကြိုးကြောင့်ရလာတဲ့ ရလဒ်တွေကိုလည်း တစ်ချိန်လုံး ပြည်သူပေါ် စွပ်စွဲလိုက်၊ တော်လှန်ရေး အဖွဲ့တွေအပေါ် စွပ်စွဲလိုက်နဲ့ ခေါင်းရှောင် နေတာ” ဟု အသက် ၃၀ နှစ်အရွယ် အမျိုးသမီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်က ၎င်းတို့ရည်မှန်းချက်ဖြစ်သည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပြီး ပြည်သူများက ပြည်ထောင်စုစိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်များဖြင့် မျိုးချစ်စိတ်များကို အခြေခံ၍ စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းဆောင်ရွက်ပေးရန် ဆိုထားသည်။

ယင်းအပြင် နိုင်ငံတော် တည်ဆောက်ရေးအတွက် လူငယ်များအပါအဝင် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက အသိပညာ၊ အတတ်ပညာ ထူးချွန်ရန် လိုအပ်သကဲ့သို့ ဖြောင့်မတ်မှန်ကန်စွာ တွေးခေါ် ဆင်ခြင် ဆုံးဖြတ်နိုင်စွမ်း မြင့်မားရန်လည်း လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

စစ်ခေါင်းဆောင်က ထိုသို့ ပြောဆိုနေသော်လည်း လက်တွေ့တွင်မူ စစ်မှုထမ်းရန်အတွက် လူငယ်များကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေပြီး ထွက်ပြေးတိမ်းရှောင်မှုများ မပြုလုပ်နိုင်ရန် ခြိမ်းခြောက် ပိတ်ပင်လျက်ရှိသလို တစ်ဖက်တွင်လည်း လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် အရပ်သားများပါ မကျန် တိုက်ခိုက်လျက်ရှိသည်။

ထိုကဲ့သို့ စစ်ကောင်စီက စစ်ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများကို နေ့စဉ်ကျူးလွန် လုပ်ဆောင် နေသော်လည်း EROs အနေဖြင့် မိမိတို့၏ ဆန္ဒနှင့် မိမိအဖွဲ့အစည်း အကျိုးစီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုနှင့် တိုင်းရင်းသား ပြည်သူအားလုံး၏ အကျိုးစီးပွားကို စိတ်ရင်းစေတနာမွန်ဖြင့် ရှုမြင်သုံးသပ်ကာ ငြိမ်းချမ်းရေးကို တွေးမြင်လုပ်ဆောင်ရန် စစ်ခေါင်းဆောင်၏ သဝဏ်လွှာတွင် ဆိုထားသည်။

ဓာတ်ပုံ- စစ်ကောင်စီ

#လွတ်လပ်သည့်နိုင်ငံ#သူတစ်ပါးလက်အောက်ခံ #စည်းလုံးညီညွတ်ရမည် #စစ်ခေါင်းဆောင်ပြော #Ayeyarwaddy_Times