ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ မြိုတိုင်းရင်းသားကျေးရွာဖြစ်သည့် သီဟိုအေးကျေးရွာမှ ဒေသခံပြည်သူများ တိုက်ပွဲတွင်း စစ်ဘေးရှောင်စဥ် ကျပ်သိန်း တစ်ထောင်ကျော်တန်ဖိုးရှိသည့် ပစ္စည်းများ ဖောက်တွင်းခံရပြီး နေအိမ်အများအပြားလည်း ဖျက်ဆီးခံရကြောင့် ဒေသခံများထံမှ သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလတွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ မောင်တောမြို့နယ်တိုက်ပွဲတွင်း သီဟိုအေးကျေးရွာမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရာမှ နေရပ်ပြန်လာကြရာတွင် ယခုကဲ့သို့ ပစ္စည်းများ ပျောက်ဆုံး၊ ဖျက်ဆီးခံရခြင်းဖြစ်သည်။

“ပစ္စည်းတွေ ပျောက်တာ၊ နေအိမ်တွေ ဖျက်ဆီးခံရတာက တစ်ရွာလုံးပါပဲ။ ဒါပေမဲ့ ပျောက်ဆုံး၊ ဖျက်ဆီး ဆုံးရှုံးမှုတန်ဖိုးက တစ်အိမ်နဲ့တစ်အိမ် မတူဘူးပေါ့။ အဲဒီတုန်းက စစ်ဘေးရှောင်တုန်းက အဝတ်တထည်ကိုယ်တခုတည်းနဲ့ စစ်ဘေးရှောင်ကြတာပါ။ ပစ္စည်းတွေဘာမှ သယ်လာလို့ မရဘူး။အကုန်ထားခဲ့ရတယ်။ အခု ပြန်လာတဲ့ခါ ဘာတစ်ခုမှမကျန်တော့တာပါ” ဟု မောင်တောမြို့နယ်ဒေသခံ မြိုတက္ကသိုလ်ကျောင်းသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပျောက်ဆုံးသည့် ပစ္စည်းများသည် ကာလတန်ဖိုး သိန်း ၃၀ ကျော်တန်သည့် ဆိုင်ကယ် ၁၀ စီး၊ သိန်း ၅၀ တန်သည့် သစ်ထိုးစက် ၁၁ ခု၊ ဆိုလာပြား အရွယ်အစားအမျိုးမျိုး၊ ဘက်ထရီးအိုး အရွယ်အစားအမျိုး၊ ဆန်အိတ်၊ စပါးများနှင့် အိမ်အသုံးဆောင် ပစ္စည်းများဖြစ်ပြီး နေအိမ်များလည်း အကုန်နီးပါးဖျက်ဆီးခံရသည်။

မောင်တောမြို့နယ်တွင် AA မှ သိမ်းပိုက်ထားပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီလ တတိယအပတ်မှစ၍ AA က စစ်ဘေးရှောင်များ နေရပ်ပြန်ရန် ခွင့်ပြုထားသည့်အတွက် သီဟိုအေးကျေးရွာမှဒေသခံပြည်သူများလည်း နေရပ်ပြန်ကြခြင်းဖြစ်သည်။

“AA က ပြန်ခွင့်ပြုလို့ စစ်ဘေးရှောင်တွေ ပြန်လာတဲ့သူတွေရှိပါတယ်။ ဒါပေမဲ့ အများစုက မပြန်လာကြသေးဘူး။ အိမ်တွေဖျက်ဆီးခံရတာ။ မီးဖိုချောင်းပစ္စည်းတွေကအစ အခိုးခံရတာကြောင့် ပြန်လာလို့လည်း မထူးဘူးဆိုပြီး စစ်ဘေးရှောင်တဲ့နေရာမှာပဲရှိနေကြဆဲဖြစ်ပါတယ်။ ပြန်လာရင်လည်း အိမ်တွေပြန်ဆောက်ရင် အမိုးအကာတွေ၊ အခင်းတွေပြန်လိုအုံးမယ်။ ရွာက စကစ တပ်စခန်းနဲ့လည်းအရမ်းဝေးတယ်။ စကစတွေလည်းရွာဘက်မှာ စစ်ကြောင်းထိုးတာတွေလည်းမရှိဘဲ အခုလိုဖြစ်သွားတော့ စိတ်မကောင်းဘူးပေါ့” ဟု မောင်တောမြို့နယ်ဒေသခံ မြိုတက္ကသိုလ်ကျောင်းသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သီဟိုအေးကျေးရွာသည် အိမ်ခြေ ၈၀ နီးပါးရှိပြီး လက်ရှိတွင် အိမ်ထောင်စု ၂၀ နီးပါးသည် နေရပ်ပြန်လာကြပြီး နောက်ထပ် ပြန်လာကြမည့်သူများလည်းရှိကြောင်း အများစုသည် နေရပ်ပြန်လာနိုင်ခြင်းမရှိသေးကြောင့် သိရှိရသည်။

#မောင်တော #သီဟိုအေးကျေးရွာ #ဒေသခံ #စစ်ဘေးရှောင် #ကျပ်သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ #ပစ္စည်းများခိုးယူခံရ #Ayeyarwaddy_Times