
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်
ထိုင်း-မြန်မာနယ်စပ်တွင် ကြီးထွားလာသည့် ကျားဖြန့် (ခ) အွန်လိုင်းလိမ်လည်ဂိုဏ်းများနှင့် ပတ်သက်၍ လက်မခံထားသလို တပ်ဖွဲ့တွင်း၌ ပါဝင်ပတ်သက်မှု ရှိမရှိကိုလည်း စုံစမ်းစစ်ဆေးကာ သန့်ရှင်းရေး လုပ်နေပြီဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုအတွက် ဗဟိုစစ်ဌာနချုပ်ရုံး (ဆုံဆည်းမြိုင်)တွင် ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်က ဗဟိုအလုပ် အမှုဆောင်ကော်မတီ (CEC) ဝင်များ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ၎င်းတို့အနေဖြင့် နိုင်ငံတကာနှင့်လည်း ပူးပေါင်း တိုက်ဖျက်သွားမည်ဟု အချက်လေးချက်ကို ထုတ်ပြန်ခဲ့သည်။
“ဒီလိုတွေ ဖြစ်လာတော့ ကျွန်တော်တို့ DKBA ဟာ တပ်ဖွဲ့အတွင်း အခုသန့်ရှင်းရေး လုပ်တယ်ပေါ့။ မနေ့ကနေ စခေါ်လုပ်တယ်။ လက်ရှိမှာ လိုက်စစ်ဆေးနေတယ်။ ကျားဖြန့်ကို ကျွန်တော်တို့ လက်မခံထားဘူး” ဟု DKBA အမှတ်(၁) စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုင်းကျော်လှက ဧရာဝတီတိုင်းမ် ကို ပြောသည်။
အဆိုပါ DKBA ၏ ထုတ်ပြန်ချက်တွင် လက်ရှိနိုင်ငံတကာမှ တိုက်ဖျက်လျက်ရှိသည့် လူကုန်ကူးခြင်း၊ လူလူချင်း ညှင်းပန်းနှိပ်စက်ခြင်းတို့အား နိုင်ငံတကာနှင့်အတူ ပူးပေါင်းတိုက်ဖျက်သွားမည်ဖြစ်ပြီး မူးယစ် ဆေးဝါးများလည်း ၎င်းတို့ထိန်းချုပ် နယ်မြေအတွင်း တားဆီးနှိမ်နှင်းသွားမည်ဟု ဖော်ပြထား သည်။
“ကျားဖြန့်ကို ကျွန်တော်တို့က ပေးမလုပ်ခိုင်းဘူး။ ဒီဘက်မှာရှိတာက ကာစီနိုလောင်းကစားပေါ့။ ဒါက လည်း နိုင်ငံတကာမှာ ရှိတာပဲလေ။ ဒီလိုမျိုး ရိုးရိုးသားသား အွန်လိုင်းတွေပဲ ပေးလုပ်တယ်၊ ဥပမာ- ကာစီနို အွန်လိုင်းတို့ ဘာတို့တွေပေါ့” ဟု DKBA အမှတ်(၁)စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုင်းကျော်လှက ဆိုသည်။
ထို့အပြင် ၎င်းတို့ထိန်းချုပ် နယ်မြေအတွင်း လူကုန်ကူး ခံရသူများကို မြန်မာနိုင်ငံသံရုံးနှင့်အတူ နိုင်ငံတကာ သံရုံးများမှ တောင်းခံလာပါက ရှာဖွေပေးအပ်သွား၍ ဒေသခံပြည်သူလူထု စားဝတ် နေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု DKBA က ဆိုထားသည်။
လက်ရှိတွင် ကျားဖြန့်ဂိုဏ်းနှင့် ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ်၊ မြန်မာပြည်ဘက်ခြမ်းရှိ နေရာငါးခုကို ထိုင်းအစိုးရက လျှပ်စစ်မီး ဖြတ်တောက်ထားပြီး ထိုသို့ဖြတ်တောက်ခံထားရသည့် နေရာများတွင် DKBA ထိန်းချုပ်နယ်မြေများလည်း ပါဝင်နေကာ ဘုရားသုံးဆူ၊ ဝေါလေ၊ ကျောက်ခက် စသည့်ဒေသများ ကိုလည်း နှစ်ဖက်အပြန်အလှန် လမ်းကြောင်းများ ပိတ်ထားကြောင်း သိရသည်။
“ထိုင်းက ပိတ်တော့လည်း DKBA လည်း ပိတ်ရတာပေါ့။ ပိတ်ဆို့လှောင်ထားတာ ရှိတယ်ဆိုရင်တော့ ကျွန်တော်တို့က ထုတ်ပေးတယ်။ နိုင်ငံခြားသားတွေ ပြန်ပို့တာကတော့ များပြီပေါ့။ တစ်ခါပို့ ၃၀/၄၀ ဦး၊ ထိုင်းကို ပြန်ပို့ပေးခဲ့တယ်” ဟု DKBA အမှတ်(၁) စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုင်းကျော်လှက ပြောသည်။
သို့သော် DKBA ထိန်းချုပ် ဘုရားသုံးဆူနှင့် ကျောက်ခက်ကျေးရွာသည် ကျားဖြန့်ကိစ္စအပါအဝင် ကာစီနိုလောင်းကစားများဖြင့် နာမည်ဆိုးထွက်နေပြီး နိုင်ငံခြားသားများ ပိတ်လှောင်ခိုင်းစေခံ နေရ သည်ဟု သတင်းများလည်း ထွက်ပေါ်လျက်ရှိသလို ဒေသတွင်းသာမက နိုင်ငံတကာက စောင့်ကြည့် နေကြောင်း သိရသည်။
အလားတူ ကျားဖြန့်ဂိုဏ်းနှင့် ပတ်သက်၍ နာမည်ဆိုးထွက်နေသော စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)ကလည်း ယနေ့ ဖေဖော်ဝါရီ ၆ ရက်တွင် ယင်းကိစ္စအား အစိုးရ(စစ်ကောင်စီ)၊ နိုင်ငံတကာတို့နှင့် ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမည်ဟု ထုတ်ပြန်လာခဲ့သည်။
BGF ထုတ်ပြန်ချက်တွင် ကရင်ပြည်နယ် နယ်စပ်ဒေသများတွင် ၎င်းတို့ ဆောင်ရွက်ခဲ့သော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများမှာ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် စတင်ဆောင်ရွက်ခဲ့သော အိမ်ရာ၊ ဟိုတယ်နှင့် အပန်းဖြေရိပ်သာ စီမံကိန်းများသာ ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ၎င်းတို့အနေဖြင့် ပါဝင်ရင်းနှီးမြှုပ်နှံသည့် အကျိုးတူလုပ်ငန်းရှင်အဖြစ်မဟုတ်ဘဲ မြေငှားရမ်းသည့် မြေရှင်သာဖြစ်၍ ယင်းအိမ်ရာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံသူများထံမှ ထပ်ဆင့်ငှားရမ်းသော လုပ်ငန်းရှင်အချို့က လိမ်လည်လှည့်ဖျားခြင်း၊ လူကုန်ကူးခြင်း စသည့်အလုပ်များ ကို လုပ်ကိုင်ကြကြောင်း BGF က ဆိုသည်။
ယင်းသို့ လုပ်ကိုင်ကြသည့်အတွက် ၎င်းတို့အနေဖြင့် အစိုးရ(စစ်ကောင်စီ)၊ နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပူးပေါင်းလက်တွဲကာ တိုက်ဖျက်နှိမ်နင်းလျက်ရှိသလို လူကုန်ကူးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းချသုံးစွဲခြင်း စသည်တို့ကိုလည်း အရေးယူလျက်ရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ BGF ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပုံစာ-တရုတ်ဒုဝန်ကြီးနှင့် ထိုင်းအစိုးရတာဝန်ရှိသူများ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင် နေသည့်ဟု သံသယရှိသည့် မြန်မာဘက်ခြမ်းကို ထိုင်းနယ်စပ်မှနေ၍ ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ပိုင်းက လာရောက်ကြည့်ရှု့စဉ်
#ကျားဖြန့်ဂိုဏ်းများ #လက်မခံထား #သန့်ရှင်းရေး #DKBA #BGF #Ayeyarwaddy_Times