ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်

ပွင့်လင်းရာသီရောက်ရှိလာသောကြောင့် အိမ်နီးချင်းနိုင်ငံများတွင် လေထုညစ်ညမ်းမှုများဖြစ်ပေါ်နေပြီး ရန်ကုန်မြို့တွင်လည်း ခံနိုင်ရည်နည်းပါးသောလူများအတွက် ကျန်းမာရေးထိခိုက်စေနိုင်သည့်အထိ လေထုညစ်ညမ်းမှုဖြစ်ပေါ်နေကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလတစ်လျှောက်၌ လေထုညစ်ညမ်းမှုကိုတိုင်းတာရာတွင် ကျန်းမာရေးကို ထိခိုက်စေသောအဆင့် (Unhealthy) တစ်ရက် ၊ အသင့် အတင့်အဆင့် (Moderate) ငါး ရက် နှင့် ခံနိုင်ရည်နည်းပါးသော သူများအတွက် ကျန်းမာရေးကို ထိခိုက်စေသောအဆင့် (Unhealthy for Sensitive Groups) ၂၅ ရက်ဖြင့် လေထုညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း (မိုး/ဇလ)၏ ထုတ်ပြန်ချက် အရသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း လေအရည်အသွေးအညွှန်းကိန်း ( AQI) ၁၀၁ – ၁၅၀ အတွင်းရှိသည့် ရက်ပေါင်း ၂၅ ရက်ဖြစ်ပေါ်ပြီး ခံနိုင်ရည်နည်းပါးသူအုပ်စုအတွက် ကျန်းမာရေးထိခိုက်နိုင်သော်လည်း ယေဘုယျအားဖြင့် ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာမရှိကြောင်း စစ်ကောင်စီက ဆိုထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့သည့် ကျန်းမာရေးထိခိုက်စေသော လေအရည်အသွေးအညွှန်းကိန်း ၁၅၁- ၂၀၀ အတွင်းရှိခဲ့သောကြောင့်အဆိုပါရက်တွင်မူ လူတိုင်းအတွက် ကျန်းမာရေးထိခိုက်မှုမျိုး ကြုံတွေ့နိုင်ကြောင်းသိရသည်။

ထို့ပြင်လေအရည်အသွေး အသင့်အတင့်အဆင့်ဖြစ်ပေါ်သော ရက် ငါး ရက်ဖြစ်ပေါ်ကာ လေထု ညစ်ညမ်းမှု အတွက်ခံနိုင်ရည်နည်းပါးသည့် အချို့လူများအတွက် ကျန်းမာရေးထိခိုက်ဖွယ် အသင့်အတင့်ရှိကြောင်းသိရသည်။

“လေထုညစ်ညမ်းလို့ထင်တယ်။ အိမ်ရှေ့ဝရံတာတံခါးဖွင့်လိုက်ရင် မီးခိုးမှုန်လိုမှုန်မှုန်ဝါးဝါးတွေ ဝင်လာသလို ဖုန်မှုန့်တွေမြင်ရသလိုနဲ့ဖြစ်နေတာ။ အသက်ရှုရတာလည်းသိပ်မကောင်းလို့။ အမြဲအိမ်ရှေ့ ဝရံတာတံခါးပိတ်ထားရတယ်” ရန်ကုန်မြို့ခံ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ရန်ကုန်မြို့အတွင်း လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုများရှိပြီး မီးစက်များ အသုံးပြုခြင်းကြောင့် မီးခိုးငွေ့များဖြင့် အသက်ရှူကျပ်ကာ မြို့တွင်းသွားလာရာတွင်ပင် လေထု ညစ်ညမ်းမှုများဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့ခံ အမျိုး သမီးတစ်ဦးက ဆိုသည်။

” ပုံမှန်ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေမှာ လေအရည်အသွေးကျတယ်။ ပွင့်လင်းရာသီရောက်လာတာရယ်၊ မော်တော်ယာဥ်၊ စက်ရုံအလုပ်ရုံက အခိုးအငွေ့တွေ ထုတ်တာရယ် နဲ့ မီးရှို့တာရယ်တွေကြောင့် လေအရည်အသွေးကျတာပါ။ မိုးမရွာတာကလည်း လေအရည်အသွေးကျစေတယ်။ မိုးရွာရင် မိုးရေနဲ့အတူ အမှုန်တွေပါသွားလို့ လေအရည်အသွေးကောင်းပါတယ်။ နိုဝင်ဘာလကနေ ဧပြီလအထိ လေအရည်အသွေးကျပါတယ်” ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုချုပ် ဒေါက်တာဦးကျော်မိုးဦးက သုံးသပ်ပြောကြားသည်။

ထို့ပြင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လေထုညစ်ညမ်းမှုသည် အရှေ့မြောက်လေနှင့်အတူ လေထု ညစ်ညမ်းမှု လေများရောက်ရှိလာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုသည် သယ်ယူပို့ဆောင်ရေး၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ စွမ်းအင် ထုတ်လုပ်ခြင်းနှင့် အိမ်တွင်းအပူပေးစနစ်များကြောင့်ဖြစ်ပေါ်ပြီး အချိန်ကာလနှင့် နေရာဒေသ အလိုက်ပွဲပြားမှုဖြစ်ပေါ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

လေထုညစ်ညမ်းမှုကြောင့် မည်သူမဆိုထိခိုက်နိုင်ပြီး ထိခိုက်လွယ်သောအုပ်စုများတွင် ကလေး သူငယ်များ၊ သက်ကြီးရွယ်အိုများ၊ နှလုံးသွေကြေား ( သို့မဟုတ်) အသက်ရူလမ်းကြောင်း ဆိုင်ရာရောဂါအခံရှိသူများ၊ ကိုယ်ဝန် ဆောင်အမျိုးသမီးများအပါအဝင် ဝင်ငွေနည်းသူများ ပိုခံစားရကြောင်း NUG ၏ ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားသည်။

အဆိုပါလေအရည်အသွေးအညွှန်းကိန်းတိုင်းရာတွင် လေထုအတွင်း အခဲ၊ အမှုန့်၊ အမှုန်များ၏ အရွယ်အစား အချင်းလုံးပတ် ၂.၅ မိုက်ခရိုမီတာကိုတိုင်းတာခြင်းဖြစ်ပြီး ဆံချည်မျှင်အရွယ်အစားထက် အဆ ၃၀ ခန့်ပိုမိုသေးငယ်ကြောင်းသိရသည်။

ဓာတ်ပုံ – မိုး/ဇလ ၊ ဧရာဝတီတိုင်းမ်
#ရန်ကုန်မြို့ #လေထုညစ်ညမ်းမှု #ခံရည်နည်းပါးသူများ #ထိခိုက် #Ayeyarwaddy_Times