ဧရာဝတီတိုင်းမ်
(ချင်း)၊ ဖေဖော်ဝါရီလ ၆ ရက်

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး လေးနှစ်ကာလအတွင်းတွင် ချင်းဒေသခံ စုစုပေါင်း ၉၆၅ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများတွင် အရပ်သားပြည်သူများသေဆုံးမှုသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များထက် ပိုမိုများပြားကြောင်း ချင်းရေးရာအဖွဲ့ချုပ်(ICA)ထံက သိရသည်။

သေဆုံးသွားသော ချင်းဒေသခံ ၉၆၅ ဦးတွင် အရပ်သားပြည်သူ ၄၉၁ ဦးနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၄ ဦးတို့ပါဝင် ပြီး ချင်းလူမျိုးများအပေါ် စစ်ကောင်စီ၏ လေးနှစ်ကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများမှတ်တမ်းကို ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဖေဖော်ဝါရီ ၁ရက်တွင် ထုတ်ပြန်ထားသည်။

သေဆုံးသူ ချင်းပြည်သူအများစုသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ခဲ့ခြင်းဖြစ်ပြီး ကျဆုံးသွားသော ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၄ ဦးထဲတွင် အမျိုးသား ၄၆၅ ဦးနှင့် အမျိုးသမီး ၉ ဦးပါဝင်ကြောင်း ICA ၏ထုတ်ပြန်ချက်အရ သိရသည်။

“ချင်းပြည်သူတွေ ၉၀၀ ကျော်သေဆုံးမှုကို ပြန်ပြီးတော့ စိစစ်ကြည့်လိုက်မယ်ဆိုရင် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ သေဆုံးမှုထက်စာရင် အရပ်သားပြည်သူတွေ သေဆုံးမှုက ပိုများနေတာကို ကျွန်တော်တို့ တွေ့ရတယ်ပေါ့နော်။ ပြီးရင် အရပ်သားပြည်သူတွေ သေဆုံးမှုကို ကျွန်တော်တို့ ပြန်ကြည့်လိုက် တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ သေဆုံးတာကို အများဆုံးတွေ့ရတယ်” ဟု ချင်းရေးရာ အဖွဲ့ချုပ်(ICA)၏ Information officer Salai Van Sui San က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်နေကြသော ချင်းလူမျိုးများသည် တောင်ယာသွားရာ လမ်းကြောင်းများတွင် စစ်ကောင်စီတပ်က ထောင်ထားသော မြေမြှုပ်မိုင်းများကို နင်းမိသောကြောင့် လေးနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၇၇ ဦး နှင့် ဒဏ်ရာရရှိသူ ၁၀၅ ဦး အထိစာရင်း ကောက်နိုင်ခဲ့ကြောင်း ICA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီက လေးနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၂၄၁ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၁,၀၆၁ ကျော်ကို အသုံးပြုခဲ့ကာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူနေအိမ်နှင့် အဆောက်အဦး ၁,၂၈၀ ကျော်၊ အစိုးရအဆောက်အဦး ၃၈ လုံးနှင့် ဘာသာရေးအဆောက်အဦး ၃၉ လုံး ပျက်စီးခဲ့ကြောင်း ICA ၏ ထုတ်ပြန်ချက်အရ သိရသည်။

“လေကြောင်းတိုက်ခိုက်မှုနဲ့ သေဆုံးတဲ့နေရာမှာ ကျွန်တော်တို့ ပြန်ကြည့်လိုက်မယ်ဆိုရင် ဒီနေရာတစ်ခုမှာ တိုက်ပွဲဖြစ်တယ်ဆိုပေမယ့် လေကြောင်းတိုက်ခိုက်တဲ့အခါမှာ တိုက်ပွဲဖြစ်ပွားတဲ့နေရာ၊ ဒါမှမဟုတ် တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့နေရာမှာ ဗုံးကြဲတိုက်ခိုက်ခြင်းထက်စာရင် ပြည်သူတွေ စစ်ဘေးတိမ်းရှောင်တဲ့ နေရာတွေမှာ ဗုံးကြဲတိုက်ခိုက်တာကို တွေ့ရတယ်။ ဆိုတော့ စစ်ကောင်စီက ပြည်သူတွေကို ပစ်မှတ်ထားပြီးမှ တိုက်ခိုက်နေတာကို တွေ့ရတယ်” ဟု Salai Van Sui Sanက ဆက်လက်ပြောကြားသည်။

စစ်ကောင်စီ၏ မီးတင်ရှို့ဖျက်ဆီးမှုများနှင့် ပစ်ခတ်ဖျက်ဆီးခြင်းများကြောင့် ချင်းပြည်နယ်တွင် လူနေအိမ်အဆောက်အဦး ၃,၄၇၉ လုံးကျော် မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။

ယခင် ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်တွင် လူဦးရေ ငါးသိန်းနီးပါးရှိကြောင်းသိရပြီး အိန္ဒိယနိုင်ငံသို့ စစ်ဘေးတိမ်းရှောင်လာသူ ၆၅,၀၀၀ ကျော်ရှိကာ ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ ၁၃၀,၀၀၀ ခန့်ရှိကြောင်း ICA ရဲ့ ထုတ်ပြန်ထားသည်။

ပုံစာ-ချင်းစစ်ဘေးရှောင်ပြည်သူများ(ပုံဟောင်း)
#အာဏာသိမ်း #၄နှစ်အတွင်း #ချင်းပြည်သူ #၉၆၅ဦးသေဆုံး #တော်လှန်ရေးတပ်ဖွဲ့ဝင် #အရပ်သားသေဆုံးမှု #ပိုများ #Ayeyarwaddy_Times