
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်
ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ်၊ နာနတ်တောင်ကျေးရွာတွင် ငါးပူတင်းကိုချက်စားရာမှ မိသားစုတစ်စုလုံးအစာအဆိပ်သင့်ကာ ငါးနှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၄ ရက်နေ့ ညပိုင်းတွင် အစာအဆိပ်သင့်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး မိသားစု လေးဦးအနက်မှ ငါးနှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီးမှ မြောင်းမြဆေးရုံသို့ နောက်တစ်ရက်မနက်ပိုင်းမှ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဗိုက်အောင့်လို့ ရွာကကျန်းမာရေးဆရာမကိုပြကြသေးတယ်။ သူတို့ကိုညကတည်းက ဆေးရုံကိုသွားခိုင်းနေတာ သူတို့က အိမ်မှာပြန်နေကြတာ။ ကလေးငယ်လေးဆုံးသွားမှ ပတ်၀န်းကျင်က ကူညီတော့မှ ဆေးရုံကို အရေးပေါ် ရောက်လာတာ ပါ”ဟု မြောင်းမြဆေးရုံ မှ ၀န်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် အသက်ရှင်သူ သုံးဦးအနက်မှ အမျိုးသားဖြစ်သူကို အရေးပေါ်ခွဲစိတ်ကာအူဖြတ်ထုတ်လိုက်ရပြီး အမျိုးသမီးဖြစ်သူနှင့်အငယ်ဆုံးသမီးမိန်းကလေးတို့မှာ အသက်အန္တရာယ်မရှိတော့ကြောင်း သိရှိရသည်။
အစာအဆိပ်သင့်ကြသော မိသားစုသည်ဆေးရုံသို့သွားရန် ငွေကြေးအခက်အခဲရှိသောကြောင့် ကြန့်ကြာရာမှ ကလေးငယ်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
#မြောင်းမြ #ငါးပူတင်းချက်စားရာမှ #မိသားစု၄ဦးအဆိပ်သင့် #ကလေးငယ်တစ်ဦးသေဆုံး #Ayeyarwaddy_Times