
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်
နေပြည်တော်ရှိ စစ်ကောင်စီ၏ ကာကွယ်ရေးဦးစီးချုပ်ရုံးတွင် လွန်ခဲ့သောနှစ်နှစ်က တပ်ဆင်ခဲ့သည့် ၂၀ မဂ္ဂါဝပ်ဆိုလာစနစ်မှာ အရင်းကျေတော့မည်ဖြစ်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSME) လုပ်ငန်းရှင်များအနေဖြင့် ကိုယ်ပိုင်ဆိုလာတပ်ပါက လုပ်ငန်းအဆင်ပြေမည် ဖြစ်ကြောင်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်က ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီ ၆ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သော MSME လုပ်ငန်းများအစည်းအဝေးတွင် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ဒုစစ်ခေါင်းဆောင်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
MSME လုပ်ငန်းရှင်များအနေဖြင့် လျှပ်စစ်မီးရရှိရေးအတွက် မြေလွတ်မြေရိုင်းများတွင် ဆိုလာစနစ်ဖြင့် တစ်ပိုင်တစ်နိုင် ဓာတ်အားရရေးလုပ်စေလိုကြောင်း၊ လုပ်ငန်းအမျိုးအစားအလိုက် ကိုယ်ပိုင်ဆိုလာစနစ် ဖြင့်တပ်ဆင်ပါက လုပ်ငန်းပိုမိုအဆင်ပြေ မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ( MSME ) များတွင် အစားအစာထုတ်လုပ်မှု၊ အဝတ် အထည်၊ လူသုံးကုန် ဆပ်ပြာ၊ ဆပ်ပြာဆီ၊ စားသုံးဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီ၊ မုန့်အမျိုးမျိုးအပါအဝင် လက်မှုပစ္စည်းများကိုသာအဓိကထုတ်လုပ်နိုင်ပြီး အဆိုပါထုတ်ကုန်များကို လာမည့် ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့၌ နေပြည်တော်တပေါင်းကွင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရန် စစ်ကောင်စီက စီစဉ်လျက်ရှိသည်။
တိုင်းဒေသကြီးများတွင် ဆိုလာစီမံကိန်းများဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်ငန်းများတိုးမြှင့်နိုင်ရန်၊ ရေတင်စက်တပ်ဆင်ခြင်းနှင့်ဆိုလာစနစ်တည်ဆောက်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ဖြင့် အကောင် အထည်ဖော်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။
လက်ရှိသီလဝါစက်မှုဇုန်၌ ကုမ္ပဏီခြောက်ခုမှ ဆိုလာစနစ်ဖြင့်ဓာတ်အားထုတ်လုပ်မှု ၄ ဒသမ ၉ မဂ္ဂဝါပ်ကျော်ထုတ်လုပ်သုံးစွဲနေကြောင်း၊ ပိုလျှံဓာတ်အားများကို မဟာဓာတ်အားလိုင်းသို့ ရောင်းချ နိုင်ကြောင်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုသည်။
စစ်တပ်အာဏာသိမ်းထားချိန်တွင် အချိန်ကြာမြင့်စွာလျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်နေပြီး တစ်ဖက်တွင်လည်း အိန္ဒိယနှင့်တရုတ်ပြည်မှဆိုလာပစ္စည်းတင်သွင်းခွင့်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံမှလိုင်စင်ရရှိကာ တစ်ဆင့်ခံဖြန့်ဖြူး နေကြောင်းသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဒုစစ်ခေါင်းဆောင် #ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်း #MSME #လုပ်ငန်းရှင်များ #ဆိုလာစနစ်အသုံးပြု #Ayeyarwaddy_Times