
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်
ဧရာဝတီ-ရခိုင် ထိစပ်နယ်မြေမှတစ်ဆင့် ဧရာဝတီ တိုင်းအတွင်းအထိပါ စစ်ရေးပြင်းထန်လာ၍ ပုသိမ်မြို့ တိုင်းအစိုးရရုံးနှင့် တိုင်းရဲတပ်ဖွဲ့ရုံးတို့တွင် စစ်ကောင်စီက ခံစစ်အခိုင်အမာပြင်ဆင်နေကြောင်း သိရသည်။
အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)အခြေစိုက်ရာ ပုသိမ်မြို့တိုင်းအစိုးရရုံး အဝင် အဝတွင် ဘန်ကာများ အသစ်ဆောက်လုပ်ထားပြီး ခြံစည်းရိုးများ အထပ်ထပ်ကာရံထားကြောင်း သိရသည်။
“အလောင်းတွေလည်း ပုသိမ်ကိုပြန်သယ်လာကြတာမနည်းဘူး။ ၅ ရက်နေ့က အရာရှိအလောင်းကို ရေခဲအခေါင်းနဲ့ပြန်သယ်လာတွေ့ရတယ်။ ရွှေမြင်တင်မှာ ညပိုင်းတွေလည်း သင်္ဂြိုဟ်တာတွေ့ရတယ်။ စစ်ရေးပြင်းထန်လာလို့ ပုသိမ်ဘက်မှာပါ ခံစစ် အခိုင်အမာပြင်နေတယ်။ ညဘက်တွေဆိုလည်း ကင်းလှည့် ကားတွေ ဒရုန်းတွေ နည်းတာမဟုတ်ဘူး” ပုသိမ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် တိုင်းရဲတပ်ဖွဲ့ရုံးတွင်လည်း ရဲမှူးကြီးတင်ဇော်ထွန်း၏ ညွှန်ကြားချက်ဖြင့် စခန်းပတ်လည်တွင် ကတုတ်ကျင်းများ၊ ဘန်ကာများ၊ ဗုံးခိုကျင်းများဖြင့် ခံစစ်များပြင်ဆင်ထားကြောင်း သိရသည်။
စစ်ကောင်စီသည် နတခနှင့် ထိစပ်နယ်မြေဖြစ်သည့် ကိုးဆူအုပ်စု၊ တိုက်စွန်းကျေးရွာ၊ သဲဂရက် ဘက်များသို့ ညပိုင်းအချိန်များတွင် ကင်လှည့်ကာ ကင်းပုန်းများလည်း ချထားကြောင်း သိရသည်။
ထို့အပြင် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ၉၀၇ တပ်အဝင်လမ်းဘေးနှင့် တပ်ဝင်းပတ်လည်များတွင်ပါ ခြံစည်းရိုးများကာပြီး ကတုတ်ကျင်းများတူးကာ ခံစစ် အခိုင်အမာပြင်ဆင်ထားကြောင်း သိရသည်။
စစ်ကောင်စီက စမ်းမြိုင်ကျေးရွာ၊ စာသင်ကျောင်း စာမေးပွဲဖြေဆိုရက်ကိုပါ နောက်ဆုတ်လိုက်သည့် အတွက် ကျောင်းသားများကို လူသားဒိုင်းကာလုပ်မည်ကို ကျောင်းသားမိဘများက စိုးရိမ်နေကြကြောင်း သတင်းအထူးတပ်ဖွဲ့(ပုသိမ်) ထံက သိရသည်။
#ဧရာဝတီ #ပုသိမ် #တိုင်းအစိုးရရုံး #တိုင်းရဲတပ်ဖွဲ့ရုံး #ခံစစ်ပြင်ဆင် #Ayeyarwaddy_Times