ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးရှိ စစ်ကောင်စီ၏ ဂိတ်စခန်းသုံးခုကို အာရက္ခတပ်တော် AA က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စစ်တွေမြို့အနီးရှိ ကျားမသောက်ကျေးရွာ၊ ဝါဘိုကျေးရွာ၊ တောကန် ကျေးရွာတို့ရှိ စစ်ကောင်စီဂိတ်စခန်းများကို AA က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနေ့က ညပိုင်းအထိ အပြန်အလှန်ပစ်ကြတယ်။ AA က စနိုက်ဘာနဲ့ပစ်လို့ စစ်တပ်ဘက်က ထိတာတွေရှိတယ်။ စစ်တပ်က အထိနာပြီး အမြင့်ကျွန်းနဲ့ ပါဒလိပ်ဘက်ကို ဝင်ရောက်စီးနင်းတာတွေရှိတယ်”ဟု စစ်တွေ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးများဖြင့်အပြန်အလှန်ပစ်ခတ်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက စစ်တွေမြို့အတွင်းတွင် ကတုတ်ကျင်းများ၊ ဘန်ကာများတူးပြီး ညစဉ်ကင်းလှည့်ကာ ကင်းပုန်းဝပ်ခြင်းများပါ ပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင်လည်း AA က စစ်တွေရှိ ကျောက်တန်းစစ်ဆေးရေးဂိတ်နှင့် ကျားမသောက်စစ်ဆေးရေးဂိတ်တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အပြန် အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

#ရခိုင် #စစ်တွေ #စစ်ကောင်စီ #တပ်စခန်း #၃ခု #AA #တိုက်ခိုက် #Ayeyarwaddy_Times