နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ၎င်းတို့ အသိအမှတ်ပြု နိုင်ငံရေးပါတီများကို ကြိုတင်ပြင်ဆင်မှုများ လုပ်ထားရန် ပြောဆိုခဲ့ပြီး လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)ရုံးကိုလည်း ထပ်တိုးဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်သည် ယခုရက်အတွင်းက နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြန်လည်ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုနိုင်ငံရေးပါတီများအနေဖြင့် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်မည် ဖြစ်ကာ စနစ်တကျတွက်ချက်၍ ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဟု စစ်ခေါင်းဆောင်က ဆိုထားသည်။

အလားတူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)ရုံး၏ ဖွဲ့စည်းပုံကိုလည်း အရာထမ်းရာထူး ၆၂၇ နေရာ၊ အမှုထမ်းရာထူး ၁၉၈၁ နေရာ စုစုပေါင်း ၂၆၀၈ နေရာဖြင့် တိုးချဲ့ပြင်ဆင်၍ ဖွဲ့စည်းလိုက် ကြောင်း ဇန်နဝါရီ ၃၁ ရက်ထုတ် မြန်မာနိုင်ငံပြန်တမ်းအရ သိရသည်။

ယင်းသို့ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းရာတွင် ရွေးကောက်ပွဲခုံရုံးဌာနအတွက် ဦးစီးအရာရှိရာထူး ငါး နေရာ၊ အမှုထမ်းရာထူး ၂၀ နေရာနှင့် သုတေသနနှင့် မှတ်တမ်းဌာနအောက်ရှိ မဲစာရင်းနှင့် အီလက်ထရောနစ် မဲပေးစက် (EVM)ဆိုင်ရာဌာနခွဲအတွက် ရာထူး ၂၈ နေရာလည်း ပါဝင်ကြောင်း သိရသည်။

စစ်ခေါင်းဆောင်ကမူ ရွေးကောက်ပွဲတွင် မဲမသမာမှုများ မဖြစ်စေရေး၊ မဲဆန္ဒရှင်များအနေဖြင့် မဲပေးရာ၌ ရှင်းလင်းလွယ်ကူစွာ မဲပေးနိုင်ရေး၊ မဲရလဒ်မှန်ကန်ရေး၊ ပယ်မဲမရှိရေး၊ မဲမသမာမှု မပြုလုပ်နိုင်ရေး နှင့် ပွင့်လင်းမြင်သာမှု ရှိစေရေးအတွက် မြန်မာ EVM ကို စီမံဆောင်ရွက်လျက်ရှိဟု ဆိုထားသည်။

ထို့အပြင် ရွေးကောက်ပွဲ ကျင်းပပေးပြီး ပေါ်ပေါက်လာသည့် လွှတ်တော်များအတွင်းတွင်လည်း တိုင်းရင်းသားများနှင့် လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာ ပါဝင် လာရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုထားသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်က ထိုသို့ ပြောဆိုလျက်ရှိသော်လည်း ရွေကောက်ပွဲနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဥပဒေများ ကိုမူ လက်ရှိအထိ ထုတ်ပြန်နိုင်ခြင်း မရှိသေးလို ကျင်းပသွားမည့် ကာလကိုလည်း ယခု ၂၀၂၅ ခုနှစ်အတွင်း လျာထားသည်ဟုသာ ဆိုထားပြီး အချိန်အတိအကျ သတ်မှတ်ထားခြင်း မရှိသေးပေ။

ယင်းအပြင် အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများကြောင့် မရှုမလှ စစ်ရှုံးလာသော စစ်ကောင်စီ သည် မိမိကိုယ်ကိုပင် ကာကွယ်နိုင်ခြင်း မရှိတော့သည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ၎င်းတို့နှင့်အတူ ပူးပေါင်း၍ လုံခြုံရေးယူခိုင်းရန် စီစဉ်နေကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများအရ မှတ်ပုံတင်ခွင့် တင်ပြလာသည့် နိုင်ငံရေးပါတီ ၆၈ ပါတီအနက် ၅၅ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နှစ်ပါတီကို ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့် ပယ်ဖျက်ခဲ့သည့်အတွက် တည်ဆဲနိုင်ငံရေးပါတီ ၅၃ ပါတီရှိကြောင်း သိရသည်။

ထိုနိုင်ငံရေးပါတီများအနက် စစ်ကောင်စီခန့် ဝန်ကြီးဖြစ်ခဲ့သော ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ ရှေ့ဆောင်ပါတီ၊ စစ်ခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထာသော ကြံ့ခိုင်ရေးပါတီတို့အပြင် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်နေသည့် အင်အားကြီးပါတီအချို့ကမူ ရွေးကောက်ပွဲအတွက် ပြင်ဆင်လှုပ်ရှားနေ ပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ၊ PPP
#စစ်ခေါင်းဆောင် #ရွေးကောက်ပွဲ #နိုင်ငံရေးပါတီများ #ကြိုတင်ပြင်ဆင် #UECရုံး #ထပ်တိုးဖွဲ့စည်း #Ayeyarwaddy_Times