
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှ လူငယ်များကို စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ဇန်နဝါရီတစ်လအတွင်း လူငယ် ၅၀၀ ခန့် ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။
ဇန်နဝါရီလအတွင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၄၇၅ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၅၈ ဦး ပြန်လည် လွတ်မြောက်လာကာ ၁၇ ဦးကိုမူ ပြန်လွှတ်မပေးဘဲ ဆက်လက်ဖမ်း ဆီးထားကြောင်း သိရသည်။
“အခုဖမ်းဆီးခံရတာတွေက ဧည့်စာရင်းအကြောင်းပြ အဖမ်းခံရတာရယ်၊ စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲတာရယ် အများဆုံးဖြစ်နေတယ်။ မိုဘိုင်းလှည့်ပြီးဖုန်းတွေစစ်ရာကနေ ဖမ်းခံရတဲ့ ကလေးတွေ လည်းရှိတယ်”ဟု ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးခံရသူများထဲမှ ၃၉၇ ဦးကိုမူ ဆက်လက်ဖမ်း ဆီးထားပြီး ပြန်လည်လွတ်မြောက်ခြင်းရှိမရှိကို နောက်ဆက်တွဲ စုံစမ်းသိရှိရခြင်း မရှိဟု Rangoon Scout Network-RSN ၏ စုံစမ်းချက်အရ သိရသည်။
လမ်းမပေါ်မှ တွေ့ရာဖမ်းဆီးခံရ၍ ပါသွားသူဦးရေမှာ ၂၄၁ ဦးရှိပြီး ၎င်းတို့အနက် ၃ ဦးမှာ ရုန်းကန်ထွက် ပြေးလာနိုင်ခဲ့ပြီး ဧည့်စာရင်းစစ်ပြီး ဖမ်းခေါ်ခံရသူ ၇၇ ဦး၊ လမ်းမပေါ်သွားလာနေစဉ် စစ်ဆေးခံရပြီး ဖမ်းဆီးခံရသူ ၅၈ ဦး၊ သတင်းအတိ အကျဖြင့် ရှာဖွေ ဖမ်းဆီးခံရသူ ၅၁ ဦး၊ စစ်မှုထမ်းစာရင်းပါ၍ ဖမ်းခေါ် ခံရသူ ၄၈ ဦးတို့ရှိကြောင်း သိရသည်။
တော်လှန်ရေးရဲဘော်များဟု အမည်တပ်ခံရကာ လိုက်လံဖမ်းဆီးခံရသူ ၁၇ ဦးအထိရှိခဲ့ပြီး အွန်လိုင်း ပေါ်တွင် လှုံ့ဆော်စာများရေးသားသူဟု ကြေညာကာ ဖမ်းဆီးခံရသူ တစ်ဦးရှိခဲ့ပြီး YBS ကားပေါ် ထိတက်၍ ဖမ်းဆီးခံရသည့် အမျိုးသား ၂၄ ဦးအထိရှိခဲ့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့လက သန်လျင်တံတားအဆင်းမှာ YBS ကားကိုရပ်ခိုင်းပြီး သူတို့ဆီမှာပါလာတဲ့ ဓာတ်ပုံတွေနဲ့ တိုက် စစ်ပြီးတော့ လူငယ်လေးတွေကို ဆွဲချဖမ်းသွားတာ မျက်မြင်ပါပဲ”ဟု သန်လျင်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခု ရရှိထားသော အချက်အလက်များသည် RSN ချိတ်ဆက်အဖွဲ့အစည်းများနှင့် မီဒီယာတို့၏ သတင်းများကို ကိုးကား၍ ပြုစုတွက်ချက်ထားခြင်းဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေသည် ယခုထက်ပို၍ ဆိုးရွားကြောင်း RSN က ထုတ်ပြန်ထားသည်။
လူငယ်များကိုဖမ်းဆီးရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေး အဖွဲ့များနှင့် လူမိုက်အဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့များကပါ လှည့်လည်ဖမ်းဆီးနေခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ရန်ကင်း၊ တာမွေ၊ တောင်ဒဂုံ စသည့်မြို့နယ်များတွင် လမ်းပေါ်နှင့် လက်ဖက်ရည် ဆိုင်များအတွင်းထိ ဝင်ရောက်ဖမ်းဆီးခံရမှုများရှိကြောင်း သိရသည်။
ဓာတ်ပုံ- အင်တာနက်(ပုံဟောင်း)
#ရန်ကုန်မြို့ #လူငယ်များ #စစ်ကောင်စီဖမ်းဆီး #၅၀၀နီးပါး #RSN #Ayeyarwaddy_Times