ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟားခရိုင်၊ ခေခုံကျေးရွာနှင့် လုံပူးကျေးရွာတွင် နေထိုင်သည့် ပလက်ဝစစ်ဘေးရှောင်များကို နေရပ်ပြန်ရန် ဖိအားပေးခံရ၍ ပြန်လာသူများရှိကြောင်းစစ်ဘေးရှောင်များထံက သိရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ပလက်ဝမြို့နယ်၊ ဆင်အိုးဝအုပ်စုမှ စစ်ဘေးရှောင်များဖြစ်ပြီး ၎င်းတို့ကို အာရက္ခတပ်တော် AA နှင့် မရာလဲန်းကာကွယ်ရေးတပ် MDF တို့ ခန့်အပ်ထားသည့် အုပ်စုအုပ်ချုပ်ရေးမှူးမှ ဇန်နဝါရီ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ပြန်လာကြရန် ဖိအားပေးခံရခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က အုပ်ချုပ်ရေးမှူးဆီက အကြောင်းကြားစာ ရောက်လာပါတယ်။ စစ်ဘေးရှောင်တွေပြန်လာကြဖို့ပါ။ ပြီးတော့ ပြန်မလာတဲ့စစ်ဘေးရှောင်အတွေအနေနဲ့ ရွာထဲမှာရှိတဲ့ ဟောင်းနွမ်း ပျက်စီးနေတဲ့ အိမ်တွေ၊ အိမ်ယာတွေကို မိမိကိုယ်တိုင် ဖျက်ဆီး ရှင်းလင်းပေးဖို့ပါတယ်။ မဟုတ်ရင် အုပ်ချုပ်ရေးတွေကနေ ဖျက်ဆီးရှင်းလင်းသွားမယ်လို့ ပြောတယ်” ဟု ပလက်ဝစစ်ဘေးရှောင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းကဲ့သို့ အုပ်စုအုပ်ချုပ်ရေးမှူး၏ ဖိအားပေးမှုကြောင့် မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟားခရိုင်မှ ပလက်ဝစစ်ဘေးရှောင်များသည် သတ်မှတ် ထားသည်ရက်တွင် နေရပ်ပြန်လာကြသူများရှိပြီး အချို့စစ်ဘေးရှောင်များသည် စစ်ကောင်စီတပ်၏ လေကြောင်းရန်ကို စိုးရိမ်နေသည့်အတွက် ပြန်လာနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“သူတို့က ပြန်လာခိုင်းတာပဲရှိတယ်။ လေကြောင်းရန်အတွက် ဘယ်လိုပြင်ဆင်ထားပြီလဲပေါ့။ အသက်အန္တရာယ်ကို ဘယ်လိုကာကွယ်ပေးမလဲ။ အခုက ပြည်သူတွေ စိတ်ချရတဲ့အခြေအနေမျိုးမှာရှိပြီလား။ စိတ်ချရတဲ့အခြေအနေမျိုးမှာ စစ်ဘေးရှောင်တွေက ပြန်လာလို့ရမယ်လေ။ ဒီအတိုင်း ဗြုန်းစားကြီး ပြန်လာလို့မရဘူး။ စစ်တပ်ကလည်း ဘယ်နေ့၊ ဘယ်အချိန်မှာ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မလဲဆိုတာ မသိဘူး” ဟု ပလက်ဝစစ်ဘေးရှောင်တစ်ဦးက ဧရာဝတိီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့ညကလည်း ပလက်ဝမြို့နယ်၊ ဆမီးမြို့ကို စစ်ကောင်စီတပ်က မြေပြင်တိုက်ပွဲမရှိတော့ဘဲ ဂျက်ဖိုက်တာတစ်စီးနှင့် ပေါင် ၅၀၀ ဗုံးသီးအပါအဝင် ဗုံးသီးသုံးလုံးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

လက်ရှိတွင် ပလက်ဝမြို့နယ်၊ ဆင်အိုးဝအုပ်စုမှ စစ်ဘေးရှောင်များသည် မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟားခရိုင်၊ လုံပူးကျေးရွာတွင် အိမ်ထောင်စု ၁၄၅ စု နှင့် ခေခုံကျေးရွာတွင် အိမ်ထောင်စု ၇၈ စု၊ စုစုပေါင်း စစ်ဘေးရှောင် အိမ်ထောင်စု ၂၂၆ စုတို့ နေထိုင်ကြောင်း စစ်ဘေးရှောင်တာဝန်ရှိသူများထံက သိရသည်။

ဆင်အိုးဝအုပ်စုမှ စစ်ဘေးရှောင်များသည် ၂၀၂၂ ခုနှစ်က ပလက်ဝမြို့နယ်တွင်ဖြစ်ပွားသည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟားခရိုင်တွင် ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

ဆင်အိုးဝအုပ်စု စစ်ဘေးရှောင်များ နေရပ်ပြန်ရန် ဖိအားပေးခံရခြင်းနှင့်ပတ်သက်၍ အသေးအစိတ်သိရှိရန် AA နှင့် MDF တာဝန်ရှိသူများကို ဧရာဝတီတိုင်းမ်က ဆက်သွယ်မေးမြန်းထားသော်လည်း လက်ခံဖြေကြားခဲ့ခြင်း မရှိပါ။

#မီဇိုရမ်ပြည်နယ် #ပလက်ဝစစ်ဘေးရှောင် #နေရပ်ပြန်ရန် #ဖိအားပေးခံရ #Ayeyarwaddy_Times